မွေးစားသား

October 1, 2015

မွေးစားသားကို အနိုင်ကျင့်မှုဖြင့် တရုတ်အမျိုးသမီး ထောင်ဒဏ် ၆ လ ချမှတ်ခံရ (ရုပ်သံ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်စုပြည်နယ် နန်ကျင်းမြို့ ခရိုင်တရားရုံးက အမျိုးသမီးတဦးကို မွေးစားသားအပေါ် အနိုင်ကျင့်မှုအတွက် ၃ ရက်ကြာ ရုံးဖွင့်စစ်ဆေးအပြီး စက်တင်ဘာ ၃၀ ရက်နေ့က ထောင်ဒဏ် ၆ လ ပြစ်ဒဏ် စီရင်လိုက်ပါတယ်။ အမျိုးသမီး လီကျန်းချင်ဟာ ၉ နှစ်အရွယ် မွေးစားသားကို လိမ်ပြောတယ်လို့ စွပ်စွဲပြီး မတ် ၃၁ ရက်နေ့က ယားကုတ်တံနဲ့ရော၊ ကြိုးခုန်တဲ့ ပလတ်စတစ်ကြိုးနဲ့ပါ ရိုက်နှက်ခဲ့လို့ မွေးစားသားရဲ့ ကိုယ်ပေါ်မှာ စုတ်ပြဲနေတဲ့ ဒဏ်ရာ ၁၅၀ ကျော် ရရှိခဲ့တယ်လို့ တရားရုံးက အတည်ပြုပါတယ်။ မွေးစားမိခင်ဟာ အသေးစား ဒဏ်ရာရစေတဲ့အထိ မွေးစားသားကို ဒဏ်ရာရအောင် လုပ်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရစေမှုဆိုင်ရာ ရာဇဝတ်မှုနဲ့ စီရင်လိုက်တာပါ။ ဒီနှစ်ဧပြီလမှာ ကလေးကို အနိုင်ကျင့်မှုနဲ့ ရဲတွေက လီကို ဖမ်းခဲ့ပါတယ်။ လီ အဖမ်းခံရပြီးတည်းက ကလေးငယ်ကို သူ့မိဘရင်းတွေက စောင့်ရှောက်ထားခဲ့ပါတယ်။ အမာရွတ်တွေ၊ သွေးစွန်းဒဏ်ရာတွေနဲ့ လူငယ်လေးရဲ့ဓာတ်ပုံကို သုံးစွဲသူ ၂၁၂ သန်းရှိတဲ့ တရုတ်လူမှုကွန်ရက် အင်တာနက်စာမျက်နှာ စီနာဝေဘိုမှာ တင်ခဲ့အပြီး ဒီအမှုကို အများပြည်သူက အာရုံစိုက်ခဲ့ပါတယ်။
6 years Ago
Up