မွေးကင်းစကလေးငယ်အား ရက်ပ်သီချင်းဖြင့် ကခုန်စေခဲ့သည့် သူနာပြု ၂ ဦးကို အရေးယူ

September 20, 2017

မွေးကင်းစကလေးငယ်အား ရက်ပ်သီချင်းဖြင့် ကခုန်စေခဲ့သည့် သူနာပြု ၂ ဦးကို အရေးယူ (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ မွေးကင်းစ ကလေးငယ်တဦးကို ရက်ပ်သီချင်းတပုဒ်နဲ့ လှုပ်မြှောက်ကခုန်စေခဲ့တဲ့ သူနာပြုဆရာမ ၂ ဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပြီး ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ဒီအဖြစ်အပျက်ဟာ ဖလော်ရီဒါပြည်နယ်၊ ဂျက်ခ်ဆန်ဗီးလ်မြို့ ရေတပ်ဆေးရုံတရုံမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒါဟာ ဘယ်လိုမှ လက်မခံနိုင်စရာ လူမဆန်တဲ့ အပြုအမူဖြစ်တယ်လို့ လူတွေက ဝေဖန်နေကြတာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို စနက်ပ်ချက်တ် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာဖြစ်ပြီး ကလေးငယ်ကို စေတန်နတ်ဆိုးလေးလို့ ခေါင်းစဉ်တပ် ဖော်ပြခဲ့ကြတာပါ။ ရက်ပ်အဆိုတော် 50 Cent ရဲ့ In Da Clud သီချင်းကို ဖွင့်ထားခဲ့ချိန်မှာ သူနာပြုအမျိုးသမီးဟာ သူ့ရဲ့ လက်ခလယ်ကို ကလေးငယ်ရဲ့ ဦးခေါင်းပေါ်မှ ထောင်ပြခဲ့ပြီး လှုပ်ယမ်းခဲ့တာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူတို့ ၂ ဦးကို တာဝန်ကနေ ဖယ်ရှားခဲ့ပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုဖိုင်တွေကို ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေပေါ်မှာလည်း ထောင်နဲ့ချီပြီး ပြန်လည်မျှဝေခဲ့ကြတာပါ။ ဖောက်စ်သာ့တီးသတင်းတပုဒ်ရဲ့ အဆိုအရ အဲဒီကလေးငယ်ဟာ မွေးပြီး နာရီပိုင်းအတွင်းသာ ရှိသေးတယ်လို့ ပြောပါတယ်။ ဆေးရုံကထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ ဒီကိစ္စမှာ ပါဝင်သူတွေကို ဖော်ထုတ်သွားမှာဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
4 years Ago
Up