မွေးကင်းစကလေး

July 12, 2019

မွေးကင်းစကလေး စွန့်ပစ်ခဲ့သည့် ၁၈ နှစ်အရွယ် ထိုင်းကျောင်းသူအား လူသတ်မှုဖြင့် စွဲချက်တင်

ထိုင်းနိုင်ငံမှာ မွေးကင်းစ ကလေးငယ်ကို အမှိုက်ပုံးထဲ စွန့်ပစ်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် ကျောင်းသူတဦးကို ရဲတွေက ဖမ်းဆီးနိုင်ခဲ့ပြီး လူသတ်မှုနဲ့ စွဲချက်တင်ထားပါတယ်။ နော့ခ်လို့ အမည်ရတဲ့ အဲဒီ ကျောင်းသူမိန်းကလေးကို စီစီတီဗွီ လုံခြုံရေးကင်မရာကတဆင့် အမ်းမနက်ချာရိုဝမ်ခရိုင် ရဲတွေက ခြေရာခံ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းရတ်သတင်းတပုဒ်မှာ ဇူလိုင် ၁၁ ရက်နေ့က ဖော်ပြပါတယ်။ မိန်းကလေးက သူ့မှာ ကိုယ်ဝန်ရှိနေတာကို ဘယ်သူမှမသိခဲ့ဘဲ ဆေးခန်းကို သွေးစစ်ဖို့ လာပြခဲ့ချိန်မှာ မျှော်လင့်မထားဘဲ ဆေးခန်းရေအိမ်အတွင်း ကလေးမွေးဖွားခဲ့တာဖြစ်တယ်လို့ ရဲတွေကို ပြောပါတယ်။ သူက မွေးကင်းစကလေးငယ်ရဲ့ အချင်းကြိုးကို ဓားနဲ့ဖြတ်ခဲ့ပြီး ရေအိမ်တွင်း စွန့်ပစ်ထားခဲ့ကာ ကလေးကိုတော့ ပလတ်စတစ် အမှိုက်အိတ်နဲ့ထည့်ပြီး အမှိုက်ပုံးထဲမှာ စွန့်ပစ်ခဲ့တာပါ။ ဆေးစစ်ချက်တွေအရ ကလေးငယ်ဟာ ပလတ်စတစ် အမှိုက်အိတ်ထဲမှာ အောက်ဆီဂျင် ပြတ်လပ်ပြီး အသက်မရှူနိုင်ဘဲ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆွေမျိုးတဦးကတော့ နော့ခ်ရဲ့မိဘတွေဟာ ဘန်ကောက်မှာ အလုပ်သွားလုပ်နေကြချိန် မိန်းကလေးက သူတို့နဲ့ အတူနေထိုင်ကြောင်း၊ ခုလို ကိုယ်ဝန်ရှိလာချိန်မှာ ဘာလုပ်ရမှန်း မသိကြောင်း ပြောခဲ့တာပါ။ လတ်တလောမှာတော့ မိန်းကလေးကို ဖမ်းဆီးထိန်းသိမ်းထားပြီး လူသတ်မှုနဲ့ အရေးယူသွားဖို့ ရှိနေပါတယ်။
2 years Ago

May 17, 2019

၁၅ နှစ်အရွယ် မိန်းကလေးက မွေးပြီး မြေမြှုပ်ခဲ့သည့် ကလေးကို ခွေးက ပြန်ဖော်ကယ်တင် (ရုပ်သံ)

ထိုင်းတောင်ပိုင်း နခွန်းဆီထမရတ်ခရိုင်ထဲမှာ ၁၅ နှစ်ရွယ် ဆယ်ကျော်သက် မိန်းကလေးက မွေးပြီး မြေမြှုပ်ထားတဲ့ မွေးစကလေးတယောက်ကို ခွေးတကောင်က ပြန်ဖော်ပြီး ကယ်တင်ခဲ့ပါတယ်။ နခွန်းဆီထမရတ်ခရိုင် ချွန်းဖုန်းမြို့နယ် ထာ့လတ်ကျေးရွာအုပ်စု နောင်ခန်ကျေးရွာက နွားကျောင်းသမား နိုင်းအူဆာဆိုသူဟာ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က တောထဲ နွားသွားကျောင်းစဉ် အတူလိုက်လာတဲ့ သူ့ခွေးက မြေကြီးကိုယက်ပြီး ဟောင်နေလို့ သွားကြည့်ခဲ့ကြောင်း၊ အဲဒီနေရာမှာ ကလေးငိုသံနဲ့အတူ မြေကြီးထဲကနေ ခြေထောက်တဖက်ထွက်လာလို့ တူးဖော်ကယ်ဆယ်ပြီး ရွာကို ပွေ့လာခဲ့တယ်လို့ သတင်းထောက်ကို ပြောပါတယ်။ ရွာရောက်တော့ ရွာသားတွေက ကလေးငယ်ကို ချွန်းဖုန်းဆေးရုံ ပို့ပေးခဲ့ကြောင်း၊ ကလေးငယ်ဟာ အလေးချိန် ၂၄၀၀ ဂရမ်ရှိ ယောက်ျားလေးဖြစ်ပြီး ဆေးရုံရဲ့ ပြုစုမှုအောက်မှာ ကျန်းကျန်းမာမာ ရှိနေတယ်လို့ ဆိုပါတယ်။ ဆေးရုံက ရဲကို အကြောင်းကြားရာမှာ ရဲတပ်ဖွဲ့က မိမိရင်သွေးကို စွန့်ပစ်ပြီး မြေမြှုပ်ခဲ့တဲ့ ကလေးအမေကို လိုက်လံရှာဖွေခဲ့ကြောင်း၊ အဲဒီရွာထဲက အသက် ၁၅ နှစ်ရွယ် မိန်းကလေး တယောက်ဟာ အမျိုးသမီးဓမ္မတာသုံး ဂွမ်းထုပ်တွေကို သံသယဖြစ်ဖွယ် အများကြီး ဝယ်ယူခဲ့လို့ ကျေးရွာတာဝန်ရှိသူတွေက ခေါ်စစ်ရာ သူမဟာ ကလေးအမေဖြစ်ကြောင်း ဝန်ခံခဲ့တယ်လို့ သတင်းထောက်ကို ပြောပါတယ်။ အဲဒီမိန်းကလေးဟာ ကိုယ်ဝန်ရှိနေတာကို အိမ်ကမိဘတွေ သိမှာစိုးလို့ ဖုံးဖိခဲ့ကြောင်း၊ ကလေးကိုလည်း သူမဘာသာမွေးပြီး လူမသိအောင် တောထဲသွား မြှုပ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ တာဝန်ရှိသူတွေက အဲဒီမိန်းကလေးကို ဥပဒေအရ အရေးယူဖို့ ထိန်းသိမ်းထားပြီး မိန်းကလေး မိဘတွေကတော့ အဲဒီကလေးလေးကို မွေးစားဖို့ ဆေးရုံကို ပြန်တောင်းထားပါတယ်။ ကလေးလေးကို မြေကြီးထဲကနေ ပြန်ဖော်ခဲ့တဲ့ ခွေးကတော့ ဘိင်းပေါင်းလို့ခေါ်ပြီး နွားကျောင်းသားက မွေးထားတာ ၆ နှစ်ရှိပြီဖြစ်ကြောင်း၊ ဘိင်းပေါင်းဟာ မနှစ်က ကားတိုက်ခံရလို့ ခြေတဖက်ကျိုးနေကြောင်း၊ သူဟာ အနက်ရောင်အမွေးရှိပြီး မလှမပ ဒုက္ခိတခွေးတကောင် ဖြစ်ပေမယ့် ကလေးကို ကြင်နာသနားစွာ ကယ်တင်ခဲ့တဲ့ သူရဲကောင်းအဖြစ် လူတွေက ချီးကျူးနေကြပါတယ်။
2 years Ago
More News
Up