မျောက်ဝံ

March 24, 2017

ကြောက်မက်ဖွယ်ရေစီးထဲ မျောပါသည့် မျောက်ဝံကို ခက်ခက်ခဲခဲကယ်တင် (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံမှာ ကြောက်မက်ဖွယ် ရေစီးကြမ်းထဲ မျောပါခဲ့တဲ့ အော်ရန်ဂူတန် မျောက်ဝံတကောင်ကို ကယ်ဆယ်ရေးသမားတွေက ခက်ခက်ခဲခဲ ကယ်တင်ခဲ့ကြရပါတယ်။ ဒီအဖြစ်အပျက်ဟာ အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ကလီမန်တန်ခရိုင်တွင်းက လီဆန်မြစ်ထဲမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ မတ်လ ၂၁ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အော်ရန်ဂူတန်မျောက်ဝံဟာ မြစ်ထဲ တဝေါဝေါစီးဆင်းနေတဲ့ ရေလှိုင်းဖြူဖြူတွေကြားမှာ ကျောက်တုံးတတုံးကို မြဲမြဲတွယ်ဖက်ထားခဲ့တာ တွေ့ရပါတယ်။ တကယ်လို့များ သစ်ကိုင်းသစ်ခက်တခုခုကိုသာ မှီတွယ်နိုင်ခဲ့ရင် မျောက်ဝံဟာ ရေစီးကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပေမယ့် ခုအခြေအနေကတော့ ကူကယ်ရာမဲ့ ဖြစ်နေခဲ့ရတာပါ။ ကယ်ဆယ်ရေးသမားတွေဟာ အော်ရန်ဂူတန်မျောက်ဝံ ထိန်းသိမ်းကာကွယ်ရေး စင်တာမှဖြစ်ပြီး သူတို့ဟာ မျောက်ဝံကြီးကို သစ်ကိုင်းတွေခုတ်ပြီး ခိုတွဲလို့ရမယ့် တံတားတခုသဖွယ် ကမ်းပေးခဲ့ကြကာ ကယ်တင်ခဲ့ကြရတာပါ။ နောက်ဆုံးမှာတော့ မျောက်ဝံကြီးဟာ သူတို့ကမ်းပေးတဲ့ သစ်ကိုင်းမှတဆင့် ကမ်းပေါ်ပြန်တက်နိုင်ခဲ့ပြီး လွတ်မြောက်သွားခဲ့တာပါ။ ခုလို ခက်ခက်ခဲခဲ ကယ်တင်ခဲ့မှုအပေါ် တိရစ္ဆာန်ချစ်သူတွေက ချီးကျူးခဲ့ကြတာပါ။ အော်ရန်ဂူတန်မျောက်ဝံ ထိန်းသိမ်းကာကွယ်ရေး စင်တာတည်ထောင်သူ ကဲန်ဟာဒီက “ဒါဟာ အသက်ရှင်ခြင်းနဲ့ သေခြင်းတရား ကြားကာလပါပဲ။ အော်ရန်ဂူတန်တွေဟာ ရေကိုနှစ်သက်ကြပေမယ့် ရေမကူးတတ်ကြပါဘူး” လို့ ပြောပါတယ်။
4 years Ago

October 19, 2015

အင်ဒိုနီးရှားတောမီးအတွင်းမှ ရှားပါးမျောက်ဝံအမကို ကယ်တင် (ရုပ်သံ)

အင်ဒိုနီးရှား တောမီးကနေ ရှားပါး မျောက်ဝံအမ တကောင်ကို အောက်တိုဘာ ၁၇ ရက်နေ့က ကယ်တင်ခဲ့ရပါတယ်။ အသက် ၃ နှစ်ကနေ ၄ နှစ်ကြားအရွယ် မျောက်ဝံအမတကောင်တည်း  မီးလောင်သွားတဲ့ ကြိုးဝိုင်းတောမှာ ယောင်ချာချာ ဖြစ်နေတာကို ကယ်တင်ခဲ့ရတယ်လို့ အင်ဒိုနီးရှား ကာလီမန်တန်ပြည်နယ် သဘာဝသယံဇာတ ထိန်းသိမ်းရေးဌာန အရာရှိ ယူဆွဖ် ထရီမန်တိုက ပြောပါတယ်။ အင်ဒိုနီးရှား အနောက်ပိုင်းမှာရှိတဲ့ ကာလီမန်တန်ကျွန်းနဲ့ ဆူမားတြားကျွန်းတို့ဟာ တောမီး ဆိုးဆိုးရွားရွား လောင်ကျွမ်းနေတဲ့ဒေသ ဖြစ်ပါတယ်။ အင်ဒိုနီးရှားဟာ ကမ္ဘာမှာ မုတ်သုံသစ်တော အကျယ်အ၀န်း တတိယအကြီးဆုံးရှိတဲ့ နိုင်ငံဖြစ်ပြီး အခု ကယ်တင်လိုက်ရတဲ့ မျောက်ဝံမျိုးကလည်း အင်ဒိုနီးရှားနဲ့ မလေးရှားမှာပဲ တွေ့ရတဲ့ မျိုးစိတ် ဖြစ်ပါတယ်။ အင်ဒိုနီးရှား တောင်ယာ တောမီးဟာ ရက်သတ္တပတ်တွေနဲ့ချီ ကြာမြင့်နေပြီး အိမ်နီးချင်း စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းဘက်အထိ တောမီးဒဏ် ခံစားခဲ့ရပါတယ်။
6 years Ago
Up