မျောက်လွှဲကျော်

April 28, 2017

ထိုင်း ကျေးရွာတရွာတွင် မျောက်လွှဲကျော် ၁၀၀၀ ကျော် ဝင်သောင်းကျန်း (ရုပ်သံ)

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ယာ့ဆိုထောင်န်း ခရိုင်ထဲမှာ ရာသီဥတု ပူပြင်းခြောက်သွေ့ပြီး သစ်တောဥယျာဉ်ထဲမှာ အစာရေစာ ပြတ်လပ်သွားတဲ့အတွက် မျောက်လွှဲကျော် အကောင်ရေတထောင်ကျော် ရွာထဲဝင်ရောက် သောင်းကျန်းနေတယ်လို့ ဧပြီ ၂၇ ရက်နေ့ ချန်နယ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ အဲဒီမျောက်တွေဟာ ယာ့ဆိုထောင်န်းခရိုင် ပါတယုမြို့နယ် ဆီထန်ကျေးရွာအုပ်စု ဘန့်တောင်ဟိုင် သစ်တောဥယျာဉ်အနီးတဝိုက် နေထိုင်ကျက်စားနေကြောင်း၊ ဒီနှစ်မှာတော့ မိုးခေါင်ပြီး အပင်တွေခြောက်သွေ့ကာ သစ်သီးဝလံတွေ ရှားပါးသွားတဲ့အတွက် အနီးနားရှိ ရွာထဲကို ဝင်ရောက်လာပြီး လူနေအိမ်တွေက အစာရေစာတွေ လုယက်စားသောက်နေတယ်လို့ ဘန့်တောင်ဟိုင် ရွာသားတွေက သတင်းထောက်ကို ပြောပါတယ်။ မျောက်တွေဟာ အစာတွေ ခိုးယူစားသောက်ရုံတင်မကဘဲ ခေါင်မိုးပေါ် ပြေးလွှားဆော့ကစားနေကြောင်း၊ တချို့ခေါင်မိုးတွေ ကွာကျပျက်စီးသွားကြောင်း၊ ဒါကြောင့် ရွာသားတွေ အလွန်အနှောင့်အယှက်ဖြစ်ပြီး တနေ့တနေ့ မျောက်တွေပဲ စောင့်ကြည့်နေရလို့ အလုပ်ပျက် အကိုင်ပျက်ဖြစ်နေရတယ်လို့ ဆိုပါတယ်။ သစ်တောဥယျာဉ်ထဲ လာရောက်လည်ပတ်သူတချို့က မျောက်အတွက် အစားအစာတွေ လာချကျွေးသွားပေမယ့် လုံလောက်မှုမရှိကြောင်း၊ အဲဒီဥယျာဉ်ဟာ မြို့နယ်စည်ပင်ထိန်းသိမ်းမှုအောက်မှာ တည်ရှိတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ မျောက်တွေ အစာငတ်ပြတ်မှု ပြဿနာကို အမြန်ဆုံးဖြေရှင်းပေးဖို့ ရွာသားတွေက တောင်းဆိုထားကြပါတယ်။
4 years Ago
Up