မျောက်များ ကယ်တင်ခဲ့

March 26, 2017

အမေဇုန်တောထဲ ၉ ရက်ကြာ လမ်းပျောက်နေသူကို မျောက်များ ကယ်တင်ခဲ့ (ရုပ်သံ)

အမေဇုန်မိုးသစ်တောထဲမှာ ၉ ရက်ကြာ လမ်းပျောက်နေတဲ့ ခရီးသွားဧည့်သည်ကို မျောက်အုပ်စုတစ်စုက အစာတွေ ပစ်ချပေးကာ အကာကွယ်နဲ့ ရေရှိရာနေရာကို လမ်းပြပေးပြီး အသက်ကယ်ပေးခဲ့တာလို့ လမ်းပျောက်တဲ့ ခရီးသွားတိုးရစ်စ်က ပြောလိုက်ပါတယ်။ အားလပ်ရက် ခရီးထွက်ရင်း ဘိုလီဗီယန်းအမေဇုန်တောထဲမှာ ပျောက်သွားတဲ့ ချီလီနိုင်ငံက အသက် ၂၅ နှစ်အရွယ် မေကူးကိုရိုစီရိုကို မျောက်တွေက သစ်ကိုင်းပေါ်တွေကနေပြီး အသီးလေးတွေ မြေပြင်ပေါ်ကို ပစ်ချပေးခဲ့တာလို့ သယ်ဆန်းရဲ့ မတ်လ ၂၄ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။ ခရီးသွားကုမ္ပဏီတစ်ခုဖြစ်တဲ့ မက်စ်အက်ဒဗန်းချားနဲ့ ဘိုလီဗီးယားရှိ အမေဇုန်မြစ်ကမ်း အထက်ပိုင်းနဲ့ တူချီမြစ်အနီးက မက်ဒီဒီအမျိုးသား သဘာဝတောဥယျဉ်ထဲမှာ ညအိပ်ခရီးထွက်ခဲ့ရင်း မေကူးက လမ်းပျောက်ခဲ့တာပါ။ မေကူး မပျောက်ဆုံးခင် ၂ နာရီလောက် အလိုက ထူးထူးဆန်းဆန်း လုပ်ဆောင်ခဲ့တယ်လို့ အမျိုးသားဂျီရိုဂရက်ဖစ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ တောစောင့်ဝန်ထမ်းတွေက သူ့ကို ရက်ပေါင်းများစွာ ရှာဖွေပေမဲ့ မတွေ့ဘူးလို့ ဆိုပါတယ်။ ဒေသထုံးစံအရ နတ်ဆိုးတစ်ပါးက သူ့ကို စိတ်ရိုင်းဝင်စေလို့ အုပ်စုကွဲ ပျောက်သွားတယ်လို့ ယူဆပြီး တောထဲထိ နတ်ဆရာတွေကိုပါ ပင့်ခေါ်ပြီး သူ့ကို ရှာတွေ့ဖို့ အစဉ်အလာ ကိစ္စတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ခြောက်ရက်ကြာပြီးတဲ့နောက်မှာတော့ တောစောင့်တဦးက မေကူးရဲ့ ရွှံ့ပေနေတဲ့ ခြေအိတ်တွေကို မြေပေါ်မှာ တွေ့တာပါ။ နတ်ဆရာတွေကတော့ ဒါက သူတို့တွေ ပျောက်ဆုံးနေတဲ့ ဝိညာဉ်နဲ့ ဆက်သွယ်တယ်လို့ ဆိုပါတယ်။ ကိုးရက်မြောက်နေ့မှာတော့ တောစခန်းနဲ့ တမိုင်လောက်ဝေးတဲ့ မြစ်ကမ်းပါးမှာ မေကူးရဲ့အော်သံကို တောစောင့်တွေက ကြားပြီး ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။ တောထဲမှာ အင်းဆက်ပိုးကောင်တွေရဲ့ ဆိုးဆိုးရွားရွား ကိုက်တာ ခံရတဲ့ မေကူးက သူ အသက်ရှင်တာ မျောက်တွေက ကယ်လို့၊ မျောက်တွေက သူ့ကို အပင်ပေါ်ကနေ သစ်သီးတွေ ပစ်ချပေးပြီး ရေရှိတဲ့နေရာ အကာအကွယ်ရှိတဲ့ နေရာတွေကိုလည်း ညွှန်ပြပေးခဲ့တယ်လို့ ပြောပါတယ်။ သူ့ကို ရှာမတွေ့ခင် ညမှာ ဒီအခြေအနေဆိုးက လွတ်မြောက်ဖို့ ဘုရားသခင်ကိုလည်း တိုင်တည်ဆုတောင်းခဲ့တယ်လို့ မေကူးက ပြောပါတယ်။
5 years Ago
Up