မော်ရိုကို

June 26, 2018

စပိန်နှင့် မော်ရိုကို ၂ ဂိုးစီသရေကျ၊ စပိန် အုပ်စုဗိုလ်အဖြစ် ရှုံးထွက်တက် (ရုပ်သံဟိုက်လိုက်)

ကမ္ဘာ့ဖလား အုပ်စု ဘီ နောက်ဆုံးပွဲစဉ်အဖြစ် နာမည်ကြီး စပိန်နဲ့ မော်ရိုကိုအသင်းတို့ မနေ့ညက ယှဉ်ပြိုင်ရာ တဖက်နှစ်ဂိုးစီ သရေကျသွားပါတယ်။ မော်ရိုကိုအတွက် ဦးဆောင်ဂိုးကို ၁၄ မိနစ်မှာ စပိန်နောက်တန်းရဲ့ အမှားကနေ သွင်းယူပါတယ်။ စပိန်အတွက် ချေပဂိုးကို ၁၉ မိနစ်မှာ အစ္စကိုက အနီးကပ် သွင်းယူပါတယ်။ စပိန်က ကစားနေကျ ပုံစံအတိုင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပါတယ်။ မော်ရိုကိုက ဒီပွဲနိုင်ရင်တောင် အုပ်စုကနေ မတက်တော့ပေမယ့် ယှဉ်ပြိုင်လိုစိတ် အပြည့်နဲ့ ကစားသွားတဲ့အတွက် ပွဲက အပြန်အလှန်နဲ့ ကြည့်ကောင်းခဲ့ပါတယ်။ ပွဲချိန် ၈၁ မိနစ်မှာ မော်ရိုကိုအတွက် ဒုတိယဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူပါတယ်။ စပိန်အတွက် ချေပဂိုးကိုတော့ အချိန်ပိုမိနစ်မှာ အက်စ်ပက်က သွင်းယူပြီး နှစ်ဂိုးစီ သရေကျသွားပါတယ်။ ဒီပွဲသရေကျပေမယ့် စပိန်က အုပ်စု ဘီ မှာ ၅ မှတ်နဲ့ အုပ်စုဗိုလ်ဖြစ်ပြီး တဖက်အုပ်စု အေက ဒုတိယဖြစ်တဲ့ အိမ်ရှင် ရုရှားနဲ့ လာမယ့် ဇူလိုင်လ ၁ ရက်နေ့ ရှုံးထွက်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
3 years Ago

August 24, 2015

ပြင်သစ် ရထားပေါ် အကြမ်းဖက်တိုက်ခိုက်သူကို စစ်ဆေးမှုများ ပြုလုပ်

သြဂုတ် ၂၁ ရက်နေ့က ပြင်သစ် ရထားပေါ်မှာ အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးစားခဲ့တဲ့ လက်နက်ကိုင်ဟာ ပြင်သစ်ထောက်လှမ်းရေးမှာ နာမည်ပေါက်သူတဦးဖြစ်ပြီး သူ့ကို စစ်မေးမှုတွေ လုပ်နေတယ်လို့ ပြင်သစ်အာဏာပိုင်တွေက သြဂုတ် ၂၃ ရက်နေ့မှာ ပြောပါတယ်။ သူဟာ အသက် ၂၅ နှစ်အရွယ် မော်ရိုကိုနိုင်ငံသားဖြစ်ပြီး သူ့ရဲ့လက်ဗွေရာအရ အစွန်းရောက် အစ္စလာမ္မစ်စစ်သွေးကြွ ဖြစ်နိုင်တယ်လို့ အီးယူ လုံခြုံရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။ သူက ရထားပေါ်မှာ သေနတ်နဲ့ တိုက်ခိုက်ဖို့ ကြိုးစားတဲ့အတွက် ခရီးသည် ၃ ဦးက သူ့ကို ၀ိုင်းဝန်းဖမ်းချုပ်ခဲ့ကြတာပါ။ ခရီးသည် ၃ ဦးလုံး အမေရိကန်နိုင်ငံသားဖြစ်ပြီး ၂ ဦးက အမေရိကန်တပ်ဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။ သူတို့ထဲက ၁ ဦး ဓားဒဏ်ရာတွေ ရရှိခဲ့ပြီး သူတို့ရဲ့ စွမ်းဆောင်မှုကို ပြင်သစ်သမ္မတ ဟော်လန်ဒီနဲ့ အမေရိကန်သမ္မတ အိုဘားမားကပါ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် ဒီ နယ်သာလန်-ဘယ်လ်ဂျီယံ-ပြင်သစ် အမြန်ရထားလိုင်းနဲ့ ခရီးစဉ်တလျှောက် နိုင်ငံတကာ ဘူတာရုံတွေမှာ လုံခြုံရေးအဆင့် တိုးမြှင့်တော့မှာပါ။ ဒီမော်ရိုကိုနိုင်ငံသား သေနတ်သမားရဲ့ ကိုယ်ရေးအချက်အလက်တွေကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက စပိန်အာဏာပိုင်တွေက ပြင်သစ်လုံခြုံရေး အာဏာပိုင်တွေကို ပေးပို့ခဲ့ဖူးတယ်လို့ စပိန်အာဏာပိုင်တွေက ပြောဆိုပါတယ်။ သူဟာ စပိန်နိုင်ငံမှာ ၇ နှစ်၊ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေမှာလည်း နေထိုင်ခဲ့ပြီး ဆီးရီးယားနိုင်ငံကိုလည်း သွားရောက်ခဲ့သေးတယ်လို့ စပိန်ထောက်လှမ်းရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။
6 years Ago
Up