မော်တော်ကား

May 18, 2019

မော်စကိုမြို့တွင် မော်တော်ကားမျှဝေသုံးစွဲသည့်လုပ်ငန်း အလျင်မြန်တိုးတက်လာ

ရုရှားနိုင်ငံ မော်စကိုမြို့ဟာ ကားမျှဝေသုံးစွဲတဲ့ လုပ်ငန်း အလျင်မြန်ဆုံး တိုးတက်လာတဲ့ ကမ္ဘာ့မြို့တော်တခု ဖြစ်လာပါတယ်။ ရုရှားနိုင်ငံ မြို့တော်မော်စကိုမှာ သောင်းချီတဲ့ ဒေသခံတွေဟာ ကားပါကင်ကြေး ကုန်ကျစရိတ် မြင့်တက်လာတာနဲ့ ကားရပ်နားတဲ့နေရာတွေ လျော့ပါးလာတာကို ဖြေရှင်းဖို့ မော်တော်ကားတွေကို မျှဝေသုံးစွဲလာကြပါတယ်။ အဲဒါကြောင့် မော်စကိုမြို့ဟာ ကားမျှဝေသုံးစွဲတဲ့ လုပ်ငန်းဈေးကွက် အလျင်မြန်ဆုံး တိုးတက်လာတဲ့ ကမ္ဘာ့မြို့တော်တခု ဖြစ်လာခဲ့ပါတယ်။ ရုရှားအာဏာပိုင်တွေဟာ အများပိုင် သယ်ယူပို့ဆောင်ရေးကို များများသုံးကြဖို့ အားပေးတဲ့ အနေနဲ့ လူဦီးရေ ၁၂ ဒဿမ ၅ သန်းနေထိုင်တဲ့ မော်စကိုမြို့မှာ ကားပါကင်နေရာတွေကို လျော့ချလိုက်ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံ့ဘဏ္ဍာငွေ မြှင့်တင်ဖို့နဲ့ ယာဉ်ကြောကြပ်တည်းမှု လျော့ချဖို့ ကားပါကင်ကြေးတွေလည်း တိုးမြှင့်ကောက်ခံခဲ့ပါတယ်။ မော်စကိုမြို့တွင်းမှာ ကားပါကင်ကြေးဟာ နေ့အချိန်မှာ တစ်နာရီကို အမေရိကန်ဒေါ်လာ ၆ ဒေါ်လာ ၀န်းကျင်အထိ ပေးရပါတယ်။ “ကားဈေးတွေက တနှစ်ထက်တနှစ် မြင့်လာတယ်။ သယ်ယူပို့ဆောင်ရေးအခွန်တွေ လောင်ဆာဆီဈေးတွေနဲ့ မြို့ထဲ ကားပါကင်ကြေးတွေလည်း အလားတူပဲ ဈေးတက်လာတယ်။ အဲဒီတော့ ကားတစ်စီးကိုမျှပြီး သုံးတာက ကိုယ်ပိုင်ကားဝယ်ဖို့ မတက်နိုင်သေးတဲ့ သူတွေနဲ့ ကားတွေကို ထိန်းသိမ်းဖို့ မလုပ်နိုင်သေးတဲ့ သူတွေအတွက် အဖြေတစ်ခုပါပဲ။” လို့ ကားမျှဝေသုံးသူ တဦးက ပြောပါတယ်။ ၂၀၁၈ ဇန်န၀ါရီလကနေ စက်တင်ဘာလအထိ ကားမျှဝေသုံးစွဲတဲ့ ခရီးစဉ်ပေါင်း ၉ ဒဿမ ၁ သန်း ရှိခဲ့တယ်လို့ မော်စကိုမြို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီပမာဏဟာ တနှစ်ပတ်လုံး ကားမျှဝေသုံးစွဲတဲ့ ခရီးစဉ်ပေါင်း လေးသောင်းခွဲသာ ရှိခဲ့တဲ့ ၂၀၁၆ နဲ့ နှိုင်းယှဉ်ရင် အများကြီးတိုးလာခဲ့တာပါ။ “ကားမျှဝေသုံးတဲ့ လုပ်ငန်းကုမ္ပဏီတွေက ပရိုမိုရှင်းတွေ အမြဲချပေးတယ်။ ၀န်ဆောင်ခတွေတင် မကပါဘူး၊ ကားမော်ဒယ်အသစ်တွေလည်း စီးနိုင်အောင် ကြိုးစားကြပါတယ်။ မော်ဒယ်မြင့်ကားတွေက ဈေးကြီးတယ်လေ လူတိုင်းစီးဖို့ မတက်နိုင်ဘူး။ အဲဒါကြောင့် မော်ဒယ်မြင့်တဲ့ ကားတွေဝန်ဆောင်မှုပေးပြီး သုံးစွဲသူတွေကို ဆွဲဆောင်ကြတယ်။ ကုမ္ပဏီတွေက သုံးသွဲသူတွေအတွက် အပြိုင်အဆိုင်လုပ်ကြတာပါ” လို့ ကားမျှဝေသုံးသူ တဦးက ပြောပါတယ်။ မော်စကို သယ်ယူပို့ဆောင်ရေး အာဏာပိုင်အကြီးအကဲ မာ့ခ်ဆင်းလီဆူတိုဗ်က ၂၀၁၉ နှစ်ကုန်ပိုင်းမှာ မော်စကိုမြို့ရဲ့ မျှဝေသုံးစွဲတဲ့ ကားအရေအတွက်ဟာ နှစ်သောင်းခွဲအထိ မြင့်တက်လာနိုင်တယ်လို့ ပြောပါတယ်။ ကားမျှဝေသုံးစွဲတဲ့ ၀န်ဆောင်မှု စရိတ်ဟာ ကိုယ်ပိုင်ဝယ်စီးတဲ့ ကားတန်ဖိုးထက် ၃ဆကျော် နည်းတာကြောင့် ကားမျှဝေသုံးစွဲမှု လုပ်ငန်းတွင်ကျယ်လာတာဟာ ကားအသစ်ရောင်းဝယ်တဲ့ လုပ်ငန်းကို မထိခိုက်နိုင်ဘူးလို့  Goldman Sachs သုတေသနစာတမ်းက ဖော်ပြပါတယ်။
2 years Ago
Up