မော်ဝါဒီသူပုန်

May 18, 2017

အိန္ဒိယတွင် ကွန်မြူနစ် မော်ဝါဒီသူပုန် ၂၁ ဦး လက်နက်ချ

အိန္ဒိယနိုင်ငံ ဘတ်စ်တာ (Bastar) ခရိုင်မှာ ကွန်မြူနစ်မော်ဝါဒီသူပုန် ၂၁ ဦးဟာ ရဲတွေရှေ့မှာ မေလ ၁၇ ရက်နေ့က လက်နက်ချခဲ့ကြပါတယ်။ လက်နက်ချခဲ့သူတွေထဲက ၃ ဦးဟာ ဆုငွေထုတ်ခံထားရသူတွေ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။ အိန္ဒိယမှာ နာဇယ်လို့ခေါ်တဲ့ မော်ဝါဒီသူပုန်တွေဟာ အိန္ဒိယအစိုးရကို ပုန်ကန်ပြီး ဆူပူသောင်းကျန်းမှုတွေ လုပ်ခဲ့တာ ဆယ်စုနှစ်တခု မကတော့ပါဘူး။ သူတို့တွေဟာ အိန္ဒိယအလယ်ပိုင်းနဲ့ အရှေ့ပိုင်းက ရွာစွန်ရွာဖျားတွေမှာ ကျက်စားလေ့ရှိတယ်လို့ သိရပါတယ်။ မော်ဝါဒီသူပုန်တွေဟာ အိန္ဒိယပြည်တွင်းလုံခြုံရေးရဲ့ အဓိကစိန်ခေါ်မှုဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ သူပုန်တွေကတော့ သူတို့ဟာ ဆင်းရဲတဲ့ တောင်သူလယ်သမားတွေနဲ့ မြေယာပိုင်မရှိတဲ့ လက်လုပ်လက်စားတွေအတွက် တိုက်ပွဲဝင်နေတာလို့ ပြောပါတယ်။ သူတို့တွေဟာ အစိုးရပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာမျိုး၊ ဆန္ဒပြ သပိတ်မှောက်တာမျိုးတွေ အပြင် ရဲတွေ၊ နိုင်ငံရေးသမားတွေကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိတယ်လို့ သိရပါတယ်။
4 years Ago
Up