မော်လမြိုင်

January 25, 2019

မော်လမြိုင်တွင် တက္ကသိုလ်ကျောင်းသားများ၏ တီထွင်ဖန်တီးမှုများကို ခင်းကျင်းပြသမည်

တက္ကသိုလ်ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးမှုတွေကို မွန်ပြည်နယ် မော်လမြိုင်နည်း ပညာတက္ကသိုလ်မှာ  ဇန်န၀ါရီ ၂၆ရက်မှ ၂၇ ရက်အထိ နှစ်ရက်ကြာ ခင်းကျင်းပြသဖို့ ရှိနေပါတယ်။ ‘ဆန်းသစ်တီထွင်ဖန်တီးရန်အနာဂတ် အတွက်မနက်ဖြန်’လို့ အမည်ပေးထားတဲ့ ဒီပြပွဲမှာ မော်လမြိုင်တက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ ပညာရေးတက္ကသိုလ်နဲ့ ကောလိပ်၊ သထုံ ကွန်ပျူတာတက္ကသိုလ်၊ သူနာပြုသိပ္ပံ၊ ဘားအံတက္ကသိုလ်နဲ့ ဘားအံနည်းပညာတက္ကသိုလ်တွေက ကျောင်းသူ ကျောင်းသားတွေက သူတို့ တီထွင်ဖန်တီးထားတာတွေကို  ပြသကြမှာပါ။ ဒါ့အပြင် နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာ၊ လူမှုဆက်ဆံရေး၊ ပညာရေးနဲ့ လူငယ်ရေးရာဖွံ့ဖြိုးတိုးတက်ရေးစတဲ့ နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင် ၃၃ ဦးကလည်း လာရောက် ပညာပို့ချ မျှဝေပေးမှာဖြစ်ပါတယ်။ မော်လမြိုင်နည်းပညာတက္ကသိုလ် ပြပွဲ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းပြည့်စုံသူက “ကျောင်းသား၊ ကျောင်းသူတွေရဲ့ လေ့လာဆန်းသစ်တီထွင်ထားတဲ့ ပရောဂျက်တွေကို ပြသမှာဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျောင်းသားကျောင်းသူတွေရဲ့ အလုပ်အကိုင်အခွင့် အလမ်းတွေ ပွင့်လင်းလာမယ်။ နယ်ပယ်အသီးသီးက ပညာရှင်တွေက သူတို့အတွေ့အကြုံတွေကို ဆွေးနွေးဖလှယ်ပေးမယ်။ ကိုယ့်အတွက်အခွင့်အလမ်းတွေအများကြီး ရစေတဲ့အတွက် လာတက်သင့်တယ်။” လို့ ပြောပါတယ်။ ဒီအခမ်းအနားကို မော်လမြိုင်မှာ ပထမဦးဆုံးအကြိမ်ကျင်းပတာဖြစ်ပြီး မွန်ပြည်နယ်အစိုးရကလည်း ကျပ်ငွေ ၇၅ သိန်းထောက်ပံ့ထားတဲ့အပြင် မွန်ပြည်နယ်အတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သာသနာနွယ်ဖောင်ဒေးရှင်းက လည်း ကူညီ ထောက်ပံ့ပေးထားပါတယ်။ မော်လမြိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုစန်းသိန်းဝင်းက “ကျနော်တို့ ကျောင်းတွေက တကျောင်းနဲ့ တကျောင်း ပညာရပ်ပိုင်းဆိုင်ရာတွေ ဖလှယ်ခွင့်ရလာမယ်။ လူငယ်တွေကျောင်းသားတွေ ပိုတက်သင့်တယ်။ ကိုယ်ဝါသနာပါရာ အားသန်ရာကို လေ့လာခွင့်ရမယ်။ ဆရာတွေနဲ့ ဆွေးနွေးခွင့်ရမယ်။ ဒီလိုအခွင့်အရေးမျိုးက တော်ရုံတန်ရုံရနိုင်ပါဘူး။”လို့ ပြောပါတယ်။ ဒီပွဲမှာ တက်ရောက်ဟောပြောမယ့် မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက “လူငယ်နဲ့ နိုင်ငံရေးအကြောင်းကို မျှဝေပေးမှာပါ။ နိုင်ငံရေးမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍက အများကြီးပါဝင်တယ်။ လူငယ်တွေအတွက် နိုင်ငံရေးကလည်း အရမ်းအရေးကြီးတယ်။ ဒီရည်ရွယ်ချက်နဲ့ ပြောမှာဖြစ်ပါတယ်“ လို့ ပြောပါတယ်။ ပြသမယ့် ပရောဂျက် ၄၄ ခု ရှိပြီး ကွန်ပျူတာဘာသာရပ်၊ မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ လျှပ်စစ်စွမ်းအင်အား၊ အီလက်ထရောနစ်၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး၊ မက္ကာထရောနစ်နဲ့ စက်မှုစွမ်းအားအင်ဂျင်နီယာ ဘာသာရပ်ပိုင်းဆိုင်ရာ တီထွင်မှုတွေကို ပြသမှာဖြစ်ပြီး  အလုပ်အကိုင်အခွင့်အလမ်းအတွက်လည်း ဆွေးနွေးကြဖို့ ရှိပါတယ်။ ဒီပြပွဲကို မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံနဲ့ မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးအပါအ၀င် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေ လာရောက်ဖို့ ရှိပါတယ်။ အာကာမင်း ဓာတ်ပုံ - Students' Fair and Career Development
4 years Ago

June 18, 2018

မော်လမြိုင်တွင် ရေဘေးသင့် ပြည်သူ ၅၈၀၀ ကျော် ကယ်ဆယ်ရေးစခန်းတွင်ခိုလှုံ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ  မိုးသည်းထန်စွာရွာပြီး ရေကြီးလျှံနေလို့ ဒေသခံပြည်သူ ၅၈၀၀ ကျော်ကို သက်ဆိုင်ရာက ယာယီကယ်ဆယ်ရေးစခန်းတွေဆီကို ဇွန်လ ၁၇ ရက်က ပြောင်းရွှေ့ပေးထားရပါတယ်။ ရေဘေးသင့်သူတွေကို လတ်တလော မော်လမြိုင်မြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ ယာယီကယ်ဆယ်ရေး စခန်း ၁၇ ခုမှာ ပြောင်းရွှေ့ နေရာချထားပေးထားတာပါ။ ဇွန် ၁၆ ရက် ညသန်းခေါင်ယံချိန်မှာ မိုးသည်းထန်စွာရွာပြီး  သံလွင်မြစ်ရေ မြင့်တက်လာရာက မော်လမြို့ပေါ် လူနေရပ်ကွက်တွေမှာ ရေနစ်မြုပ်ခဲ့ရတာလည်းဖြစ်ပါတယ်။ “မိုးရေချိန်လက်မ ၁၃.၇ လက်မရှိတယ်။ မြစ်ရေတက်ချိန်နဲ့ မိုးသည်းတာဆုံပြီး ရေကြီးတာပါ”လို့ မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးကပြောပါတယ်။ မော်လမြို့မှာ ရပ်ကွက် ၂၉  ရပ်ကွက်ရှိတဲ့အနက် ဈေးကြို၊ သီရိမြိုင်၊ လှိုင်၊ သာယာအေး၊ လမ်းသစ်၊ ရွှေမြိုင်သီရိ၊ သီရိမင်္ဂလာ၊ ဇေယျာမြိုင်၊ တောင်ဝိုင်း၊ မြိုင်သာယာစတဲ့ ရပ်ကွက် ၁၀ ရပ်ကွက်လောက်မှာ ရေနစ်မြုပ်ပြီး ပြည်သူတွေ ရေဘေးသင့်နေတာပါ။ ရေနစ်မြုပ်ချိန်မှာတော့ လူမှုရေးအသင်းအဖွဲ့တွေ၊ ကြက်ခြေနီ၊ မီးသတ်၊ ရဲတပ်ဖွဲ့၊ တပ်မတော်သားတွေနဲ့ သက်ဆိုင်ရာက  ရေဘေးသင့် ပြည်သူတွေ ထံသွားရောက်လို့ ကူညီကယ်ဆယ်ခဲ့ကြပါတယ်။ မော်လမြိုင်မြို့ အခြေစိုက် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင် ဦးဘိုဘိုဝင်းက “ရေကြီးတဲ့ အချိန်မှာ အဆိုးဆုံးက တောင်ဝိုင်းပါ။ လူဦးရေ ၁၅၀လောက်က ရေစီးသန်ပြီး ထွက်လို့ မရဘဲ ဖြစ်နေတာပေါ့။  ကယ်ဆယ်ပြီးထုတ်ခဲ့ရတာ။ ကျန်တဲ့နေရာတွေလဲ ရေတက်ပေမယ့် အချိန်မီ ထွက်လို့ရတယ်” လို့ ပြောပါတယ်။ မိုးကြီးတာကြောင့် မော်လမြို့ရဲ့ အမြင့်ဆုံးနေရာဖြစ်တဲ့ ကျိုက်သန်လံ စေတီရှိရာ ကုန်းပြင်မြင့် မြေပြိုခဲ့တဲ့အပြင် မော်လမြိုင် - ကျိုက်မရော ကားလမ်း၊ မော်လမြိုင် - ရေး ကားလမ်းနဲ့ မော်လမြိုင် ရန်ကုန် အဝေးပြေးကားလမ်းမတွေမှာလည်း ရေကျော်လို့ လမ်းတံတားတွေပါ ပျက်စီးနေပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်မှာ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး မြို့နယ်တွေမှာ ယာယီကယ်ဆယ်ရေးစခန်း ၂၈ ခုဖွင့်လှစ်ထားပါတယ်။ မွန်ပြည်နယ်က မြို့နယ် ၁၀ နယ်ထဲက မြို့နယ် ၇  မြို့နယ်က ဒေသတချို့ ရေဘေးသင့်နေတာပါ။ ရေဘေးသင့်ပြည်သူတွေအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနဲ့ လူကယ်ပြန် ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေး အပါအ၀င်  ဌာနဆိုင်ရာ တာဝန်ရှိသူတွေကလည်း သွားရောက် အကူအညီတွေ ပေးနေပါတယ်။ ကျော်စိုး
5 years Ago
Up