မော်လမြိုင်တက္ကသိုလ်

April 30, 2018

စာတတ်မြောက်​​ရေး မော်​လမြိုင်​တက္ကသိုလ်​​ကျောင်းသားများ ကူညီသင်​ကြား​ပေး

မွန်​ပြည်​နယ်​၊ သထုံမြို့နယ်မှာဆောင်ရွက်နေတဲ့  ၂၀၁၈ ခုနှစ် ​အ​ခြေခံစာတတ်​​မြောက်​​ရေးလုပ်​ငန်းမှာ မော်​လမြိုင်​တက္ကသိုလ်​က လုပ်​အား​ပေး​ ကျောင်းသား​ ကျောင်းသူတွေ ပါဝင်​ကူညီ သင်​ကြား​ပေးနေပါတယ်။ သထုံမြို့နယ်ပညာရေးမှူးရုံး ဒုမြို့နယ်​ပညာ​ရေးမှူးဦး​အောင်​ဆန်းက “၁၉၈၀ ပြည့်နှစ်​​လောက်​က​တော့ တ​နိုင်​ငံလုံး အတိုင်းအတာနဲ့ ကျောင်းသား ​ကျောင်းသူ​တွေကို "အ"သုံးလုံး သင်​ကြား​ပေးခဲ့ဖူးတယ်​။ နောက်​ပိုင်းမှာ ပညာ​ရေးဌာနက ဆရာ၊ ဆရာမ​တွေပဲ နွေရာသီမှာ စာမတတ်​သူ​တွေကို လက်​လှမ်းမီသ​လောက် ​သင်​ကြား​ပေးခဲ့တာ​တွေ ရှိခဲ့တယ်​။ အခုလို တက္ကသိုလ်​​ ကျောင်းသား ​ကျောင်းသူ​တွေ လုပ်​အား​ပေးလာပြီး သင်​ကြား​ပေးတာ ပထမဆုံးအကြိမ် ဖြစ်​တယ်​”လို့ ပြောပါတယ်။ ​မော်​လမြိုင်​တက္ကသိုလ်​က ကထိကဆရာမကြီးတ​ဦး ​ခေါင်း​ဆောင်​​တဲ့ ကြီးကြပ်​သူ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား ​ကျောင်းသူ အဖွဲ့ဝင်​ ၅၀ လောက် ပါဝင်​တဲ့ စာတတ်​​မြောက်​​ရေး လုပ်​အား​ပေးအဖွဲ့က သထုံမြို့နယ်​အတွင်း​မှာရှိတဲ့ ကျေးရွာ ၂၂ ရွာက စာမတတ်တဲ့သူတွေကို သင်​ကြား​ပေးနေကြတာပါ။ အ​ခြေခံစာတတ်​​မြောက်​​ရေးလုပ်​ငန်းမှာ ​စာမတတ်​သူ ၁၀ ဦးလောက်ရှိတဲ့ စာသင်​ဝိုင်း တဝိုင်းကို လုပ်​အား​ပေး​ ကျောင်းသား ​ကျောင်းသူ နှစ်​ဦး၊ ၁ ရက်​ ​သင်​ကြားချိန်​ ၃ နာရီနဲ့ တ​မြို့နယ်​လုံးေ​ကျးရွာ ၂၂ ရွာရှိ စာသင်​ဝိုင်း ၂၅ ဝိုင်း ဧပြီ ၉ ရက်​ကနေ ​မေလ ၁၈ ရက်​​နေ့အထိ သင်​ကြား​ပေးသွားမှာ ဖြစ်ပါတယ်။ ယခုနှစ် ​မတ်​လအတွင်း ကောက်​ယူထား​တဲ့ စာရင်းဇယားအရ သထုံမြို့နယ်​အတွင်း​မှာ ကျေးရွာ​ပေါင်း ၂၂ ရွာမှာ စာမတတ်​သူ ၂၆၆ ဦးရှိကြောင်း မြို့နယ်​ပညာ​ရေးမှူးရုံးမှတ်​တမ်းအရ သိရပါတယ်။ ဒုံဝန်းကျေးရွာမှ အခြေခံစာလာရောက်သင်ကြားနေသူတဦးက “အရင်က စာမသင်ခဲ့ရဘဲ ခုမှ ပြန်သင်နေရတာ ဆိုတော့ နည်းနည်းတော့ ခက်တာပေါ့။ ငယ်ငယ်က စာသင်ချင်ပေမယ့် လည်း မိဘလုပ်ငန်းမှာ ဝိုင်းကူနေရလို့ မသင်ဖြစ်ခဲ့တာပါ။ ခုတောင် မအားတဲ့ကြားက တတ်ချင်လွန်းလို့ လာသင်တာပါ။ စာရေးတတ် ဖတ်တတ်ရင်တော့ သူများ လိမ်ညာတာ မခံရတော့ဘူး”လို့ ပြောပါတယ်။ ၂၀၁၄ ခုနှစ် ​သန်း​ခေါင်​စာရင်းအရ မြန်​မာနိုင်​ငံ လူဦး​ရေ ၁၀ ဒသမ ၅ ရာခိုင်​နှုန်းဟာ စာမတတ်သူတွေ ဖြစ်​ကြပြီး ဘက်​စုံလွှမ်းခြုံနိုင်​တဲ့ ပညာ​ရေးကဏ္ဍ​ လေ့လာသုံးသပ်​​ရေးလုပ်​ငန်း (CESR) အစီရင်​ခံစာအရ မြန်​မာနိုင်​ငံရဲ့ ကျောင်း​နေအရွယ်​ က​လေး ၂ ဒသမ ၇ သန်းမှာ ​ကျောင်းမ​နေဖူးသူ သို့မဟုတ် ကျောင်းထွတ်​​စောသူတွေ ဖြစ်​​တယ်လို့ ပညာရေးဌာန သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ လူထုအ​ခြေပြု သက်​ကြီးစာတတ်​​မြောက်​​ရေး ‘အ’သုံးလုံး လှုပ်​ရှားမှုကို ၁၉၆၄ ခုနှစ်​က မန္တလေးတိုင်း​ဒေသကြီး မိတ္ထီလာခရိုင်​ မလှိုင်​မြို့နယ် ​အ​ရှေ့စံပြ​ကျေးရွာတွင် စတင်​ခဲ့ပြီး စာတတ်​​မြောက်​​ရေးလုပ်​ငန်း ​အောင်​မြင်​​အောင်​ ​ဆောင်​ရွက်​နိုင်ခဲ့တဲ့အတွက် ကုလသမဂ္ဂရဲ့ အသိအမှတ်ပြုတာ ခံခဲ့ရပါတယ်။ သတင်း - ယူမင်းစိုး
3 years Ago
Up