မော်လမြိုင်ကျွန်း

June 28, 2019

မော်လမြိုင်ကျွန်းတွင် စက်လှေ၂ စီး တိုက်မိသဖြင့် ၁ ဦးပျောက်ဆုံး၊ ၂ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်မှာ ပဲ့ထောင်စက်လှေ ၂ စီး တိုက်မိတာကြောင့် အမျိုးသမီး ၁ ဦး ရေနစ်ပျောက်ဆုံးနေပြီး ကျောင်းသူကျောင်းသား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ မော်လမြိုင်ကျွန်းမြို့နယ်၊ ဝဲစုချောင်းကျေးရွာ ဝဲစုချောင်းအတွင်းမှာ ဇွန် ၂၇ ရက် မနက် ၈ နာရီခွဲလောက်က စိုးမင်းသူ မောင်းနှင်ပြီး မင်းမင်းကို လိုက်ပါလာတဲ့ ပဲ့ထောင်စက်လှေနဲ့ နိုင်လင်းခိုင် မောင်းနှင်ပြီး မြွေပေါက်ကျေးရွာနေ ကျောင်းသူကျောင်းသားတွေအပါအ၀င် လူ ၂၁  ဦး လိုက်ပါလာတဲ့ ပဲ့ထောင်စက်လှေတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာပါ။ စက်လှေ ၂ စီး တိုက်မိတာကြောင့် အေးမြတ်မွန် (၃၀) နှစ်ဟာ ချောင်းအတွင်း နစ်မြုပ်ပျောက်ဆုံးသွားပြီး ကျောင်းသား/သူ ကလေးငယ် ၂ ဦးတို့ ရင်ဘတ်၊ ခြေသလုံး၊ ဦးခေါင်း နောက်စေ့ပေါက်ပြဲ နာကျင်ဒဏ်ရာတွေ (မစိုးရိမ်ရ) ရရှိခဲ့လို့ မော်လမြိုင်ကျွန်းပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားပါတယ်။ စက်လှေမောင်း စိုးမင်းသူနဲ့ နိုင်လင်းခိုင်တို့ ၂ ဦးအား ကျိုက်ပိနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၀/၃၃၇ (ရေယာဉ်အား ပေါ့လျော့စွာ မောင်းနှင်မှု၊ ပေါ့လျော့မှုကြောင့် သာမန်နာကျင်စေမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
2 years Ago

August 25, 2017

မော်လမြိုင်ကျွန်း မြို့မရဲစခန်းမှ အချုပ်သား ၁၀ ဦး ထွက်ပြေးလွတ်မြောက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် မြို့မရဲစခန်းကနေ  ဒီကနေ့ မနက် ၃ နာရီလောက်က အချုပ်သား ၁၀ ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။ ၁၈၈၀ ပြည့်နှစ်ကတည်းက တည်ဆောက်ထားတဲ့ ရဲစခန်း အချုပ်ခန်းဟောင်းမှာ အချုပ်သား ၄၁ ယောက်ထားရှိထားပြီး အဲ့ဒီအထဲက အချုပ်သား ၁၀ ဦးဟာ ဆွေးနေတဲ့ အချုပ်ခန်းကြမ်းပြင်ကို ဖောက်ထွင်းပြီး ပုဆိုးတွေကို ကြိုးသဖွယ်လုပ်က တွယ်ဆင်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောပါတယ်။ အများစုက ခိုးမှုနဲ့ စစ်ဆေးခံနေရသူတွေဖြစ်ပြီး အမြန်ဆုံးပြန်လည် ဖမ်းဆီးရမိနိုင်ရေးအတွက် တိုင်းရဲတပ်ဖွဲ့မှူး ကိုယ်တိုင်အနီးကပ် ကြီးကြပ်ပြီး မြို့နယ်နဲ့ စပ်ဆက်တဲ့ ထွက်ပေါက်တွေ၊ တရားခံသွားလာနိုင်တဲ့ နေရာတွေကိုစုံစမ်းပြီး ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ ရှာဖွေနေတယ်လို့ ဆိုပါတယ်။ တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ပေါ့လျော့စွာ တာဝန်ထမ်းဆောင်တဲ့အတွက် အလှည့်ကျကင်းအဖွဲ့တွေ၊ စခန်းမှူးနဲ့ တာဝန်မှူးတို့ကိုလည်း ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောပါတယ်။
4 years Ago
Up