မော်လ်ဒိုက်သမ္မတဟောင်းအား ဖမ်းဆီးပြီးနောက် နိုင်ငံတွင်း အရေးပေါ်အခြေအနေ ထုတ်ပြန်

February 6, 2018

မော်လ်ဒိုက်သမ္မတဟောင်းအား ဖမ်းဆီးပြီးနောက် နိုင်ငံတွင်း အရေးပေါ်အခြေအနေ ထုတ်ပြန်

မော်လ်ဒိုက်နိုင်ငံမှာ သမ္မတဟောင်း မာမွန်းအဗ္ဗဒူလ်ဂေယွန်းကို အထူးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီးနောက် နိုင်ငံတွင်းမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဖေဖော်ဝါရီ ၅ ရက် ညပိုင်းမှာ မော်လ်ဒိုက်နိုင်ငံ ဥပဒေရေးရာဝန်ကြီးက နိုင်ငံပိုင်ရုပ်သံဌာနမှတဆင့် မော်လ်ဒိုက်နိုင်ငံအတွင်း အရေးပေါ်အခြေအနေ ၁၅ ရက်ထားရှိဖို့ လက်ရှိသမ္မတ အဗ္ဗဒူလာ ယာမီးန်က အမိန့်ထုတ်ပြန်ထားတယ်လို့ ပြောကြားခဲ့တာပါ။ ဖမ်းဆီးခံရတဲ့ သမ္မတဟောင်းကတော့ ဒါဟာ မတရားဖမ်းဆီးခံခဲ့ရတာဖြစ်တယ်ဆိုပြီး သူ့ရဲ့ အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ရေးသားဖော်ပြခဲ့ပြီး သူ့ကို မြို့တော်မာလီရှိ နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ သမ္မတဟောင်းနဲ့ လက်ရှိသမ္မတတို့ဟာ ဝမ်းကွဲညီအစ်ကိုတွေဖြစ်ကြပြီး သမ္မတဟောင်း မာမွန်းအဗ္ဗဒူလ်ဂေယွန်းဟာ ၁၉၇၈ ခုနှစ်ကတည်းက သမ္မတရာထူးကို ၅ ကြိမ်ဆက်တိုက် ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ညီဝမ်းကွဲ အဗ္ဗဒူလာ ယာမီးန်ကို သမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့ ကူညီပေးခဲ့ကြပေမယ့် ညီဖြစ်သူ သမ္မတဖြစ်လာပြီးနောက်မှာတော့ အတိုက်အခံတွေ ဖြစ်လာခဲ့ကြကာ အတိုက်အခံပါတီရဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်လာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့က မော်လ်ဒိုက်နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးက အဗ္ဗဒူလာ ယာမီးန် အစိုးရအား သမ္မတဟောင်း အပါအဝင် အတိုက်အခံပါတီ ခေါင်းဆောင် ၉ ဦး ကို ပြစ်မှုမရှိကြောင်း အမိန့်ချခဲ့ပြီး လွတ်မြောက်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ အဲဒီနောက် အတိုက်အခံပါတီ ထောက်ခံသူတွေက လမ်းမပေါ်ထွက်ပြီး အောင်ပွဲခံခဲ့ရာမှ ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ် အခြေအနေတွေ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ သွားရောက်လည်ပတ်မှုများတဲ့ အိန္ဒိယကျွန်းနိုင်ငံတခုဖြစ်တဲ့ မော်လ်ဒိုက်နိုင်ငံမှာ နိုင်ငံရေးအခြေအနေ တင်းမာမှုတွေ ဖြစ်နေတာဟာ နှစ်ပေါင်းကြာရှည် ရှိနေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဒီအခြေအနေတွေကြောင့် သွားရောက်လည်ပတ်မှုတွေ မပြုလုပ်ကြဖို့ သက်ဆိုင်ရာ နိုင်ငံအသီးသီးက သတိပေးချက်တွေလည်း ထုတ်ပြန်ထားခဲ့ပါတယ်။
3 years Ago
Up