ဟောလိဝုဒ်ရုပ်ရှင်မင်းသားကြီး မော်ဂန်ဖရီးမန်းဟာ ရုပ်ရှင်ရိုက်ကွင်းနဲ့ မိတ်ဆက်အခမ်းအနားတွေမှာ သူနဲ့အတူအလုပ်လုပ်နေတဲ့ အမျိုးသမီးတွေကို မဖွယ်မရာလုပ်တာနဲ့ စော်ကားတာတွေ လုပ်ခဲ့တယ်ဆိုပြီး အမျိုးသမီး ၈ ဦးလောက်က စွပ်စွဲလိုက်ပါတယ်။
ဒီသတင်းကို စီအန်အန်သတင်းဌာနက မေလ ၂၄ ရက်နေ့မှာ ဖော်ပြလိုက်တာပါ။
မော်ဂန်ဖရီးမန်းကို စွပ်စွဲထားတာတွေအတွက် လူ ၁၆ ဦးနဲ့ စကားပြောခဲ့ရာမှာ သူတို့ထဲက တချို့က ဖရီးမန်းဟာ သူ့ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီမှာ မဖွယ်မရာလုပ်ခဲ့တယ်ဆိုပြီး ပြောထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
စီအန်အန်က တွေ့ဆုံစကားပြောခဲ့သူတွေထဲက ၈ ဦးဟာ ဖရီးမန်းရဲ့ မဖွယ်မရာလုပ်မှု သားကောင် ဖြစ်ခဲ့ရတယ်လို့ ပြောထားပြီး နောက် ၈ ဦးကတော့ မဖွယ်မရာလုပ်ခဲ့တာကို မျက်မြင်ကိုယ်တွေ့ သိရှိခဲ့တယ်လို့ ပြောထားပါတယ်။
ဒါ့ပြင် စီအန်အန်ကတွေ့ခဲ့တဲ့ သတင်းရင်းမြစ်တချို့ကတော့ ဖရီးမန်းဟာ လုပ်ငန်းခွင်မှာ ပညာရှင်ဆန်ဆန် နေထိုင်သူတယောက်လို့ ပြောထားပါတယ်။
5 years Ago