မောင်းသူမဲ့လှေငယ်

July 21, 2018

ဖလော်ရီဒါ ပညာရှင်များ မောင်းသူမဲ့လှေငယ် တီထွင်စမ်းသပ် (ရုပ်သံ)

ဖလော်ရီဒါရှိ ပညာရှင်တွေဟာ မောင်းသူမဲ့ လှေငယ်တွေ အသုံးပြုပြီး ရေပြင်မှာ ဒုက္ခရောက်နေသူတွေကို ကယ်တယ်ဖို့ သုတေသနပြု စမ်းသပ်နေပါတယ်။ လူလိုက်ပါခြင်းမရှိတဲ့ USV လှေငယ်ဟာ ဖလော်ရီဒါ ရေပြင်ထက် လှုပ်ရှားသွားလာ နေပါတယ်။ တခြား အဝေးထိန်း ခလုတ်နဲ့ ထိန်းကျောင်းတဲ့ လှေလိုပဲ ဒီလှေကို ကမ်းပေါ်ကနေ ထိန်းချုပ်နိုင်ပါတယ်။ ဒါပေမယ့် ဒီသုတေသီအဖွဲ့ဟာ ဒီလှေငယ်ကို ကိုယ်တိုင်ထိန်းကျောင်း မောင်းနှင်ပြီး ရှုပ်ထွေးလှတဲ့ နေရာတွေမှာ အတားအဆီးတွေ ရှောင်ကွင်းကာ ရေကြောင်းပြနိုင်အောင် တီထွင်စမ်းသပ်နေတာပါ။ “ဒီလှေငယ်ဟာ အတားအဆီးနဲ့ ကြုံတဲ့အခါ အဲဒီ အတားအဆီး ဘယ်လောက်ကြီးမားသလဲ သူ့ဟာသူ တွက်ချက်ပြီး မတိုက်မိစေဘဲ ရှောင်ကွင်းသွားတဲ့ နည်းကို အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။” လို့ တောင်ကယ်ရိုလိုင်းနား တက္ကသိုလ်က ဆက်ယန်ဒြာဂုပ္ပတားက ပြောတယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြပါတယ်။ ဒီ USV လှေငယ်ဟာ လူတွေရဲ့ ထိန်းကျောင်းမှုနဲ့အတူ ရေသတ္တဝါ ပေါက်ဖွားမှု လေ့လာရေး၊ သဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေး တာဝန်တွေကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလှေငယ်ကို ကိုယ်တိုင်ထိန်းကျောင်း နိုင်အောင် ဖန်တီးပြီးတာနဲ့ နောက်ယောင်ခံ လိုက်ကြည့်တာအပြင် ရှာဖွေကယ်ဆယ်ရေး၊ ကုန်စည်ပို့ဆောင်ရေးနဲ့ ရေထဲ အမှိုက်သရိုက် ရှင်းလင်းရေးလို လုပ်ငန်းတာဝန်တွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်လို့ အဆိုပါ သုတေသီ အဖွဲ့က ဆိုပါတယ်။ တနေ့ကျရင် ဒီရိုဘော့လှေငယ်တွေဟာ လူတွေရဲ့ ပါတနာအဖြစ် ရေပြင်ထက်မှာ ပိုပြီး စွမ်းဆောင်ရည် မြင့်မားစွာ၊ အန္တရာယ် ကင်းစွာ၊ အကုန်အကျ သက်သက်စွာနဲ့ အလုပ်လုပ်နိုင်ဖို့ သုတေသီတွေ ကြိုးပမ်းနေကြပါတယ်။
3 years Ago
Up