မောင်းသူမဲ့ဒရုမ်းယာဉ်

August 1, 2018

အမေရိကန်က နိုင်ဂျာတွင် လက်နက်တပ်ထားသည့် မောင်းသူမဲ့ ဒရုမ်းယာဉ်များ တပ်ချ

အမေရိကန်စစ်တပ် အာဖရိက စစ်တိုင်းဌာနချုပ်ဟာ နိုင်ဂျာနိုင်ငံရဲ့ မြို့တော် နိုင်ယာမေက အမှတ် ၁၀၁ လေတပ်စခန်းမှာ လက်နက်တပ်ဆင်ထားတဲ့ မောင်းသူမဲ့ ဒရုမ်းယာဉ်တွေကို တပ်ချထားလိုက်ပြီလို့ အတည်ပြု ပြောဆိုလိုက်ပါတယ်။ ဒရုမ်းယာဉ်တွေကို လက်နက်တပ်ဆင်ဖို့ နိုင်ဂျာအစိုးရက အမေရိကန်စစ်တပ်ကို ၂၀၁၇ နိုဝင်ဘာမှာ ခွင့်ပြုခဲ့တာပါ။ ဒါပေမယ့် နှစ်ဖက်အစိုးရတွေဟာ အရင်က အတည်ပြုပြောဆိုတာ မရှိခဲ့ပါဘူး။ နိုင်ဂျာအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ချက်အရ အမေရိကန် အာဖရိကစစ်တိုင်းဟာ ဒေသတွင်း လုံခြုံရေးကိစ္စတွေနဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ စုပေါင်းစွမ်းရည် တိုးမြှင့်ရေးအတွက် ကင်းထောက်လေယာဉ် ISR တွေကို လက်နက်တပ်ဆင်ခဲ့တယ်လို့ စစ်တိုင်းရဲ့ ပြောခွင့်ရ ဆာမန်သာ ရေဟိုက အေပီသတင်းဌာနကို ဇူလိုင် ၃၀ ရက်က ပြောခဲ့ပါတယ်။ ၂၀၁၃ က စပြီး မာလီမြောက်ပိုင်းနဲ့ ဆာဟာရ ဒေသတလွှားမှာ အယ်လ်ကိုင်းဒါးတွေနဲ့ ချိတ်ဆက်ထားတဲ့ တိုက်ခိုက်ရေးသမားတွေကို ထောက်လှမ်းရေး တိုးမြှင့်ဖို့ အမေရိကန် ကင်းထောက် ဒရုမ်းယာဉ်တွေကို နိုင်ဂျာအစိုးရက သူ့ပိုင်နက်ထဲမှာ တပ်ချခွင့် ပေးခဲ့ပါတယ်။ အမေရိကန်စစ်တပ်ဟာ လတ်တလောနှစ်တွေအတွင်း နိုင်ဂျာနိုင်ငံထဲမှာ စစ်သည်အင်အား ၈၀၀ ထိ တိုးချဲ့ တပ်ချခဲ့ပြီး ထောက်လှမ်းရေး သတင်းအချက်အလက် စုစည်းတာနဲ့ တခြားစစ်ဆင်ရေးတွေမှာ နိုင်ဂျာတပ်နဲ့အတူ တာဝန်ထမ်းဆောင်နေပါတယ်။
3 years Ago
Up