မောင်းသူမဲ့စစ်သင်္ဘော

A d v e r t i s e m e n t With Us

May 4, 2016

အမေရိကန်စစ်တပ် မောင်းသူမဲ့ စစ်သင်္ဘော စမ်းသပ်ရန် ပြင်ဆင်

အမေရိကန်စစ်တပ်က ရန်သူ ရေငုပ်သင်္ဘောတွေကို လိုက်တိုက်ခိုက်ဖို့ ပုံစံထုတ်ထားတဲ့ သူ့ဟာသူ မောင်းနှင်နိုင်တဲ့ စစ်သင်္ဘောကို စတင်စမ်းသပ်ဖို့ ပြင်ဆင်နေပါတယ်။ စက်ရုပ်သုံးစစ်ပွဲတွေမှာ အကြီးစား စီးနင်းနိုင်ရေး အမေရိကန်ရဲ့ ဗျူဟာက တရုတ်နဲ့ ရုရှားတို့ရဲ့ ရေတပ်ရင်းနှီးမြှုပ်နှံမှုကို တန်ပြန်ဖို့ အဓိကနေရာမှာ ရှိနေပါတယ်။ Sea Hunter အမေရိကန် စစ်သင်္ဘောဟာ ၁၃၂ ပေရှည်ပြီး ဂူဂယ်လ်ရဲ့ မောင်းသူမဲ့ ကိုယ်တိုင်သွားနိုင်တဲ့ ကားနဲ့ဆင်တူပြီး ရေထဲသွားနိုင်စွမ်း ရှိပါတယ်။ မောင်းသူ ဒါမှမဟုတ် အဝေးထိန်းကိရိယာနဲ့ ထိန်းချုပ်မယ့်သူ မပါဘဲ ပင်လယ်ရေမျက်နှာပြင်မှာ တကြိမ်ကို ၂ လကနေ ၃ လထိ သွားနိုင်အောင် ပုံစံထုတ်ထားပါတယ်။ ဒီသင်္ဘောကို ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေးဂိုမြို့မှာ ကျောက်ချ ရပ်နားထားတာကို အန်ဘီစီရုပ်သံက ပြီးခဲ့တဲ့ မေ ၂ ရက်နေ့က ပြသပါတယ်။ ဒီစစ်သင်္ဘောဟာ သမားရိုးကျ ကြည်း၊ ရေနဲ့ လေတပ်အတွင်း မောင်းသူ ထိန်းချုပ်သူမဲ့ ယာဉ်တွေ အရေအတွက် တိုးမြှင့်ရေး ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ဗျူဟာဖြစ်ပါတယ်။ တရုတ်က ရေငုပ်သင်္ဘော တပ်မဟာကို တိုးချဲ့နေလို့ ပစိဖိတ်အနောက်ပိုင်း စစ်တပ် အားသာမှု ရထားတဲ့ အမေရိကန်ဟာ သူ့ရဲ့ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး အုပ်စုတွေနဲ့ ရေငုပ်သင်္ဘောတွေ အထိခိုက် မခံနိုင်တဲ့ ဘေးနဲ့ ပတ်သက်ပြီး စိုးရိမ်ခဲ့ပါတယ်။ အမေရိကန် ဒု-ကာကွယ်ရေးဝန်ကြီး ရောဘတ် ဝါ့ခ်က ဒီသင်္ဘောဟာ ဘေးကင်းတယ်လို့ သက်သေပြုပြီးရင် ဂျပန်နိုင်ငံ အခြေစိုက် အမေရိကန် တပ်မဟာ ၇ မှာ ဆက်ပြီး စမ်းသပ်ဖို့ ဦးဆောင်နိုင်မယ်လို့ ပြောပါတယ်။ ဒီသင်္ဘောကို ပင်တဂွန်ရဲ့ ကာကွယ်ရေး အဆင့်မြင့်သုတေသန စီမံကိန်းဌာန (DARPA) က တီထွင်ထုတ်လုပ်တာပါ။ ပင်လယ်မှာ စစ်ဆင်ရေး လုပ်ငန်းစဉ်အတွင်း နိုင်ငံတကာ စံသတ်မှတ်ချက်နဲ့အညီ ဘေးကင်းကင်း လုပ်နိုင်မှု ရှိ၊ မရှိ စစ်ဆေးအတည်ပြုမှု အပါအဝင် စမ်းသပ်မှု ၂ နှစ်လောက် လုပ်ဦးမှာပါ။ တခြားရေယာဉ်တွေကို ရှောင်ဖို့ ရေဒါနဲ့ ကင်မရာတွေ သုံးနိုင်မှု သေချာအောင် ပထမဆုံး စမ်းသပ်မှာ ဖြစ်ပါတယ်။ ထိန်းချုပ်သူမဲ့ သင်္ဘောတွေနဲ့ လေယာဉ်တွေကို တီထွင်ထုတ်လုပ်မှု တိုးလာလို့ တချို့ ပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက လက်နက်ကိုင် စက်ရုပ်စနစ်တွေဟာ လူတွေကို ခြိမ်းခြောက်မှုတွေအဖြစ် သတ်မှတ်နိုင်ပြီး သတ်ဖြတ်မှာကို စိုးရိမ်နေကြပါတယ်။
5 years Ago
Up