ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲက နေရပ်ပြန်ရောက်လာတဲ့ တိမ်းရှောင်သူတွေက ရေရှည်ရပ်တည်နိုင်ရေးအတွက် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
မောင်တောမြို့နယ်ထဲ အကြမ်းဖက်မှုတွေကြောင့် နေရပ်က တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံတစ်ချို့ အစိုးရရဲ့ အကူအညီနဲ့နေရပ်ကို ပြန်လာနေကြပါတယ်။ အထူးသဖြင့် မောင်တောမြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို ပြန်လာနေကြတာပါ။
နေရပ်ကို ပြန်ရောက်လာကြပေမယ့် ပုံမှန်အတိုင်း စိတ်ချလုံခြုံစွာနေထိုင်ဖို့ အကူအညီအတွေ အများကြီးလိုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုင်းကြီးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းချိုက “အခုလောလောဆယ်တော့ အခြေအနေမကောင်းဘူးပေါ့။ ဟိုလည်းမသွားရ၊ ဒီလည်း မသွားရဆိုတော့၊ မသွားရဲတာ။ ဈေးတွေကိုလည်း မသွားရဲကြဘူး၊ စားရေး သောက်ရေးအခြေအနေက နည်းနည်း အခက်အခဲရှိတာပေါ့။ လုံခြုံရေးတော့ရှိပါတယ်။ လုံခြုံရေးဆယ်ယောက် ရှိပါတယ်။”
လုံခြုံရေးချထားပေးပေမယ့် စိုးရိမ်စိတ်တွေရှိနေဆဲဖြစ်သလို အထူးသဖြင့် နေ့စဉ်စားဝတ်နေရေးအတွက် ပုံမှန်လုပ်ငန်းတွေလုပ်ကိုင်ဖို့ တစ်နေ့လုပ်တစ်နေ့စား ဒေသခံတွေမှာ ပိုပြီးအခက်အခဲဖြစ်နေကြတာပါ။
နေရပ်ပြန်လာသူ ကိုင်းကြီးရွာနေ မသူဇင်အေးက “ရနိုင်မယ့်အခြေအနေတော့ မရှိတော့ဘူးထင်တယ်။ ကုလားဈေး သွားရောင်းလို့ အဆင်မပြေဘူး။ မောင်တောမှာ သွားရောင်းတော့လည်း ဆီခနဲ့ ကားခနဲ့ အဲ့ဒီလိုအဆင်မပြေဘူး၊ တောင်ထဲ ထင်းသွားခုတ်ရင်လည်း ကြောက်ရတယ်၊ ကုလားဆိုးတွေရှိတော့လေ။ အဖွဲ့လိုက် လူတွေအများကြီးနဲ့ သွားခုတ်မှ စားဝတ်နေရေးအဆင်ပြေမယ်။”
ဒေသခံတွေ နေရပ်စွန့်ခွာမှုမရှိအောင် အားပေးကူညီနေကြတဲ့ အဖွဲ့အစည်းတွေ၊ လူမှုရေးလှုပ်ရှားသူတွေကလည်း အစိုးရအနေနဲ့ လုံခြုံရေးကို ပိုပြီးဆောင်ရွက်သင့်သလို ဒေသခံတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုခံစားရတဲ့အထိ တာဝန်ရှိသူအားလုံးက အလေးထားဆောင်ရွက်ဖို့ လိုနေတယ်လို့ ထောက်ပြတာတွေလည်း ရှိနေပါတယ်။
ဒုက္ခသည်တွေကူညီပေးနေတဲ့ မောင်တောမြို့ အလိုတော်ပြည့်ကျောင်းက ဆရာတော် အရှင်မဏိသာရက “၂၀၁၂ အရေးအခင်းတုန်းကလည်း ဖြစ်ခဲ့တဲ့အခါမှာ ဒေသခံတိုင်းရင်းသားများကို ကာကွယ်စောင့်ရှောက်တဲ့နေရာမှာ တပ်မတော်က အဓိကပါဝင်ခဲ့တာပေါ့။ အဲ့ဒီနောက်ပိုင်းမှာ လုံခြုံရေးတွေ လျော့ရဲလာတယ်။ ပေါ့ပေါ့ဆဆ နေတဲ့အတွက် အခုအချိန်အခါမှာ အကြမ်းဖက်ခြင်း ခံလိုက်ရတာ ဆရာတော်တို့ အလွန်တရာဝမ်းနည်းတယ်။ ဒါကြောင့်မို့လို့ ကောက်ရိုးမီးကဲ့သို့ တစ်ခါတည်း တောက်လောင်တယ်။ ချက်ခြင်းပဲ လုံခြုံရေးကောင်းတယ် နောက်မှ အေးသွားတဲ့ဟာမျိုး မဖြစ်ဖို့အတွက် နိုင်ငံတော်အစိုးရ တပ်မတော်ကိုလည်း တိုက်တွန်းထားပါတယ်” လို့ ပြောပါတယ်။
နယ်ခြားစောင့်ရဲဌာနချုပ်အပါအ၀င် နေရာသုံးခုမှာ အောက်တိုဘာ ၉ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီး မောင်တောတောင်ပိုင်းက ကျေးရွာတွေကပြည်သူတွေ စိုးရိမ်မှုတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာခဲ့ကြတာပါ။
အကြမ်းဖက်မှုတွေနဲ့ နီးကပ်တဲ့ မောင်တောမြောက်ပိုင်း ကျေးရွာတွေက ဒေသခံတွေကတော့ နေရပ်က ထွက်ခွာနိုင်ခြင်းမရှိသလို စားနပ်ရိက္ခာပြတ်တောက်မှုကြောင့် အကူအညီပေးတဲ့ အဖွဲ့တွေက စစ်တပ်အကူအညီနဲ့ ရိက္ခာတွေပေးပို့နေရဆဲဖြစ်ပါတယ်။
ကိုအောင်
6 years Ago