ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ကမ္ဘောဇဘဏ်မှာ မနေ့က လာရောက်ငွေလွှဲတဲ့သူ တဦးထံကနေ ကျပ်ငွေ တသောင်းတန် ငွေစက္ကူအတု အရွက် ၄၀၀ ကျော် ဖမ်းဆီးရမိခဲ့ပါတယ်။
ဇန်န၀ါရီ ၇ ရက် နေ့လယ်ပိုင်းက မောင်တောမြို့ ကမ္ဘောဇဘဏ်ခွဲမှာ ငွေသိန်း ၄၀၀ လာရောက်လွှဲအပ်တဲ့ မောင်တောမြို့အလယ်ရွာနေ ယာဉ်မောင်း ဇော်လင်းထက် (၃၁ နှစ်) ထံကနေ တသောင်းတန်ငွေစက္ကူအတု ၄၀၁ ရွက် (သိန်း ၄၀) တန်ဖိုးရှိတဲ့ တသောင်းတန်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မောင်တောမြို့နယ် စခန်းမှူး ဒုရဲမှူးမြင့်နိုင်က အတည်ပြုပြောပါတယ်။
“မောင်တောမြို့ ကမ္ဘောဇဘဏ်ခွဲ မန်နေဂျာ ဒေါ်ချိုမိမိခင်ငွေစက္ကူအတုတွေ လာရောက်လွှဲ နေကြောင်း သတင်းပေးချက်အရ သက်သေတွေနဲ့အတူ မောင်တော ကမ္ဘောဇဘဏ်ခွဲသို့ သွားရောက်ပြီး တရားခံကို ဖမ်းတာပါ။ သိန်းလေးရာငွေလွှဲတဲ့အထဲမှာ သိန်း ၄၀ ဖိုး တသောင်းတန် အတု တွေ့တာပါ”
ငွေအတုနဲ့ ဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး မောင်တောမြို့အလယ်ရွာနေ ယာဉ်မောင်း ဇော်လင်းထက် (၃၁ နှစ်)ကို မြန်မာနိုင်ငံ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ အရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်တရားခံတွေ ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဗညား
2 years Ago