ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း မြင်လွတ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းရှိ ဆရာ/ဆရာမတွေနေထိုင်တဲ့ ဝန်ထမ်းလိုင်းခန်း အဆောင်နှစ်ဆောင် နိုဝင်ဘာ ၇ ရက်ညနေက မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး အဆိုပါကျောင်းက ဆရာတဦးက "သက္ကယ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း လေးခန်းတွဲအဆောင်နဲ့ နှစ်ခန်းတွဲအဆောင် အားလုံးနှစ်ဆောင် မီးလောင်ခဲ့ပြီး လောလောဆယ် အဲဒီမှာနေတဲ့ဝန်ထမ်းတွေ လုံးဝမရှိတဲ့အတွက် ရှို့မီးလို့ သိရပါတယ်” လို့ ပြောပါတယ်။
အဆိုပါစာသင်ကျောင်းမှာ ကျောင်းသူကျောင်းသား ၁၀၀၀ ကျော်လောက် သင်ကြားနေတဲ့ ကျောင်းဖြစ်ပြီး အောက်တိုဘာ ၉ ရက် မောင်တောမှာ အကြမ်းဖက်တိုက်ခိုက်ခံရပြီးကတည်းက ကျောင်းကိုပိတ်ထားခဲ့ရတာပါ။
အခုလောလောဆယ် မီးလောင်တဲ့အဆောင်တွေနဲ့ မြင်လွတ်နယ်မြေ နယ်ခြားစောင့် ရဲစခန်းဟာ ၁ ဖာလုံလောက်ပဲ ဝေးကွာတဲ့နေရာမှာ ရှိပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကလည်း လူမရှိတဲ့ ရွာသစ်ရဲကင်းစခန်း မီးရှို့ခံခဲ့ရပါတယ်။
အခုဝန်ထမ်းအဆောင် မီးရှို့ခံရတာကတော့ အောက်တိုဘာ ၉ ရက် အကြမ်းဖက် တိုက်ခိုက်ချိန်ကစပြီး လုံခြုံရေးနဲ့မသက်ဆိုင်တဲ့ နေရာကို ပထမဆုံး ဖျက်ဆီးခံရတာပဲ ဖြစ်ပါတယ်။
မီးလောင်မှုကြောင့် ဆရာ/ဆရာမတွေ နေထိုင်ခြင်းမရှိတဲ့ အလျား ပေ ၄၀၊ အမြင့် ၁၂ ပေ၊ အနံ ၁၂ ပေခန့်ရှိ သက်ကယ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း ၁ လုံး အဆောင်တဝက် မီးထဲပါသွားပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
6 years Ago