အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို လွတ်လပ်သော သတင်းမီဒီယာတွေ ပထမအသုတ်အနေနဲ့ သွားရောက်ကွင်းဆင်း သတင်းယူခွင့်ရရှိပြီလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက နယ်ခြားစောင့်ရဲကင်းစခန်းတွေ တိုက်ခိုက်ခံခဲ့ရပြီးနောက် မောင်တောဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားပြီး လုံခြုံရေးအခြေအနေကြောင့် သတင်းထောက်တွေ သွားရောက်သတင်းယူခွင့် ကန့်သတ်ထားတာပါ။
အခုတော့ မောင်တောအကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မြေပြင်ကွင်းဆင်း သတင်းရယူဖော်ပြနိုင်ဖို့ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာ စုစုပေါင်း အဖွဲ့ဝင် ၁၃ ဦးပါဝင်တဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာအဖွဲ့တခု မကြာမီရက်ပိုင်းအတွင်း မောင်တောဒေသကို ပထမအကြိမ် သွားရောက်မယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသကို လွတ်လပ်တဲ့သတင်းမီဒီယာကို သွားရောက် သတင်းယူခွင့်ပေးဖို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ခေါင်းဆောင် ကိုဖီအာနန်ကရော ကုလသမဂ္ဂနဲ့ နိုင်ငံ တကာ အဖွဲ့အစည်းတွေကပါ တိုက်တွန်းထားတာဖြစ်ပါတယ်။
6 years Ago