မောင်တောတွင် တော်လှန်ရေးအသွင်

November 13, 2016

မောင်တောတွင် တော်လှန်ရေးအသွင် ပုံဖော်တိုက်ခိုက်လာနေဟု လွှတ်တော်အမတ်ပြော

မောင်တောအကြမ်းဖက်ခံတိုက်ခိုက်မှုတွေဟာ အရင်ကလို ပျောက်ပျက်သွားမယ့်ပုံစံ မရှိဘဲ တော်လှန်ရေးအသွင်သဏ္ဍာန်ဆောင်အောင် ပုံဖော် တိုက်ခိုက်လာနေတယ်လို့ အကြမ်းဖက်မှု လေ့လာစုံစမ်းရေးကော်မတီခေါင်းဆောင် တိုင်းလွှတ်တော်အမတ် ဦးအောင်ဝင်းက ပြောပါတယ်။ မောင်တောအကြမ်းဖက်တိုက်ခိုက်မှု စတင်ခဲ့တဲ့ အောက်တိုဘာ ၉ ရက်ကစလို့ ဒေသတွင်းမှာ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များနဲ့ အကြမ်းဖက်သမားများဟာ ထိတွေ့ တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး တလကျော်အကြာ နိုဝင်ဘာ ၁၂ရက်မှာလည်း အကြမ်းဖက်သမား အင်အား ၅၀၀ခန့်ဟာ တပ်မတော်စစ်ကြောင်းကို ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့လို့ တပ်က စစ်ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက် ဖြိုခွဲခဲ့ရပါတယ်။ ပြည်နယ်လွှတ်တော်ကဖွဲ့ပေးထားတဲ့ မောင်တောအကြမ်းဖက်မှု လေ့လာစုံစမ်းရေး ကော်မတီခေါင်းဆောင် တိုင်းလွှတ်တော်အမတ် ဦးအောင်ဝင်းက ဒေသတွင်းတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဦးမှာပဲလို့ ပြောပါတယ်။ “ဆက်ဖြစ်နေဦးမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အကြမ်းဖက်သမားတွေက တော်လျန်ရေး အသွင်သဏ္ဍာန်ဆောင်တဲ့ တိုက်ကွက်တွေကို ရှေဆက်ပြီး အရှိန်အဟုန်မြှင့်တော့မယ်။ ဒါဟာ တော်ရုံတန်ရုံ အကြမ်းဖက်မှုတခု၊ အရင်ကလိုဖြစ်ခဲ့ပြီး ပြန်ပျောက်သွားမယ့် အခြေအနေမျိုး မရှိဘူး။ သူတို့ သွားချင်နေတာက သူတို့ကို တော်လှန်ရေးအဖွဲ့အစည်း တရပ်အနေနဲ့ မြန်မာနိုင်ငံအစိုးရက အသိအမှတ်ပြုလာရင် တဆင့်မြင့် ငြိမ်းချမ်းရေးညီလာခံကို သူတို့က သွားချင်နေတယ်။ အဲဒီလို ရောက်ပြီးမှ ရိုဟင်ဂျာဆိုတဲ့ နယ်မြေတခုသတ်မှတ်လို့ရအောင် ကြိုးပမ်းမယ့် သဘောရှိတယ်။ တိုက်ပွဲတွေက ဆက်ပြီး ရှိနေဦးမှာပဲ။” ရခိုင်ပြည်နယ်၊ မောင်တောအကြမ်းဖက်တိုက်ခိုက်မှုကို RSO အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တဲ့ မောင်တောဒေသမှာ လှုပ်ရှားတဲ့ Aqa Mul Mujahidin (အကာလ်မူလ် မူဂျာဟီဒင်န်) အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ အစိုးရက သတင်းထုတ်ထားပါတယ်။ ပြည်နယ်လွှတ်တော်ကော်မတီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုလေ့လာသုံးသပ်ရေး ပမာဏအစီရင်ခံ စာမှာတော့ မောင်တောအကြမ်းဖက်တိုက်ခိုက်မှုဟာ လုံခြုံရေးအားနည်းချက်နဲ့ အကျင့်ပျက်ခြစားမှုတို့ကြောင့် အကြမ်းဖက်တိုက်ခိုက်မှုကို လမ်းဖွင့်ပေးသလို ဖြစ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ တိုင်းလွှတ်တော်အမတ် ဦးအောင်ဝင်းကတော့ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ရဲစခန်းမှာ လုံခြုံရေးအားနည်းပြီး ဘင်္ဂါလီတွေကို စခန်းထဲ အ၀င်ခံခဲ့ကြတယ်လို့ ပြောပါတယ်။ “အခု ကျီးကန်းပြင်၊ ငါးခူရ၊ ကိုးတန်ကောက်တို့ ကျဆုံးတယ်ဆိုတဲ့ထဲမှာ အဓိက ပြောချင်တာကတော့ အဲဒီမှာရှိတဲ့ ဘင်္ဂါလီတွေကို သူတို့က ယုံယုံကြည်ကြည်နဲ့ စခန်းတွင်းမှာ ဟိုခိုင်း ဒီခိုင်း လုပ်ကြတယ်။ စခန်းတွင်းမှာ လက်ခံပြီး လုပ်တဲ့အတွက် စခန်းရဲ့ အနေအထား ဘာတွေ အားနည်းနေသလဲ၊ ဘယ်လို အခြေအနေတွေ ရှိနေလဲဆိုတာကို ဘင်္ဂါလီတွေက အကုန်လုံး သိနေတယ်။ တကယ့်တကယ်လည်းဖြစ်လာရော သူတို့ဟာ အလုပ်သမား တယောက် မဟုတ်တော့ဘဲ အကြမ်းဖက်သမားတွေ အကုန်ဖြစ်ကုန်တယ်”
6 years Ago
Up