မောင်တောတွင် တိုင်းရင်းသားကျေးရွာ ပိုမိုတည်ဆောက်ရန်အဆို လွှတ်တော်တွင် အတည်ပြု

December 5, 2017

မောင်တောတွင် တိုင်းရင်းသားရွာသစ် ၁၂ရွာ တည်ဆောက်မည်

  ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းမှာ တိုင်းရင်းသားစုစည်းကျေးရွာသစ် ၁၂ ရွာ ဖော်ထုတ် တည်ဆောက်သွားမယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ် က ပြောပါတယ်။ နိုင်ငံပိုင်သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောခဲ့တာဖြစ်ပြီး ဝေးလံခေါင်ဖျားတဲ့ နေရာတွေ၊ လုံခြုံမှုအရခက်ခဲတဲ့ ကျေးရွာတွေကို သင့်လျော်သလို ရွှေ့ပြောင်း စုစည်းပေးတာအပြင် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ပေးနေတယ်လို့လည်း ပြောပါတယ်။ “လောလောဆယ်မှာတော့ ကျေးရွာသစ် ၁၂ ရွာ လျာထားတယ်။ လတ်တလော အိမ်ခြေ နည်းပြီး လုံခြုံမှုပိုင်းဆိုင်ရာ အထောက်အကူမပြုနိုင်တဲ့ ကျေးရွာတွေကို ရှိပြီးသား ကျေးရွာတွေနဲ့ ပေါင်းစပ်ပေးတယ်။ မြို၊ ခမီ၊ ရခိုင် သူ့ကျေးရွာအလိုက် လမ်းပန်းဆက်သွယ်ရေးအပေါ် မူတည်ပြီး ရွှေ့ပြောင်းရေးကိစ္စအတွက် တည်ဆောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။” ဒေသခံပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူညီတွေကို ခွဲခြားမှု မရှိဘဲ ဆက်လက်ထောက်ပံ့ပေးနေသလို ပြန်လည်ထူထောင်ရေးကိစ္စကိုလည်း တပြိုင်နက်တည်း ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ အခုချိန်မှာ ဒေသပြန်လည် တည်ငြိမ်လာပြီး မူလကျေးရွာတွေကို ပြန်လည် ရောက်ရှိလာပြီမို့ ကျေးရွာအရောက် ရိက္ခာထောက်ပံ့ပေးမှုတွေ ဆောင်ရွက်ခဲ့တယ်။ ဆောင်ရွက် တဲ့အခါမှာလည်း တိုင်းရင်းသားတွေရော၊ ဟိန္ဒူဘာသာဝင်နဲ့ အစ္စလာမ်ဘာသာဝင်တွေ အားလုံး ကို လူဦးရေအပေါ်မှာ မူတည်ပြီး သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း မျှတစွာထောက်ပံ့ပေး ခဲ့တယ်လို့လည်း ခရိုင်အုပ်ချုပ်ရေးမှူးက နိုင်ငံပိုင်သတင်းဌာနကို ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် သိန်းနဲ့ချီတဲ့လူတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားခဲ့ကြသလို ဒေသခံ လူနည်းစုတိုင်းရင်းသားတွေ ထောင်နဲ့ချီပြီးလည်း စစ်တွေဘက် ထွက်ပြေးခဲ့ကြရပါတယ်။
3 years Ago

November 30, 2017

မောင်တောတွင် တိုင်းရင်းသားကျေးရွာ ပိုမိုတည်ဆောက်ရန်အဆို လွှတ်တော်တွင် အတည်ပြု

မောင်တောဒေသမှာ ရခိုင်တိုင်းရင်းသားကျေးရွာတွေကို အခုထက် ပိုမိုတည်ဆောက်ပေးသင့်ကြောင်း အဆိုကို ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနဲ့ ရခိုင်ပြည်နယ်ရဲ့ ပိုင်နက်နယ်နိမိတ် မဆုံးရှုံးစေဖို့အတွက် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေ စုစည်းပြီး ရခိုင်တိုင်းရင်းသား ကျေးရွာတွေကို အခုထက် ပိုမိုတည်ဆောက်ပေးသင့်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို တိုက်တွန်းတဲ့ အဆိုကို နိုဝင်ဘာ ၂၉ ရက်နေ့က အတည်ပြုလိုက်တာပါ။ ဒီအဆိုကို ကျောက်ဖြူမဲဆန္ဒနယ်အမှတ်-၁ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က နိုဝင်ဘာ ၂၄ ရက်နေ့မှာ ပြည်နယ်လွှတ်တော်ကို တင်သွင်းခဲ့တာပါ။ ကျောက်ဖြူမဲဆန္ဒနယ်အမှတ်-၁ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က “သူတို့တွေက ရက်ရက်စက်စက် တုံ့ပြန်တဲ့ လုပ်ငန်းတွေ လုပ်တဲ့အခါကျတော့ ထွက်ပြေးကြပြီ၊ ထွက်ပြေးကြတော့ ရခိုင်တွေ မရှိကြတော့ဘူး။ မရှိတဲ့အခါကျတော့ ဘူးသီးတောင်၊ မောင်တောဟာ ရခိုင်တွေရဲ့ ပိုင်နက်၊ မြန်မာနိုင်ငံရဲ့ပိုင်နက် ဆိုပေမယ့် မြန်မာနိုင်ငံသား တယောက်မှ မရှိဘူး။ မြန်မာနိုင်ငံသား တယောက်မှ မရှိဘူးဆိုရင် ဆုံးရှုံးတာနဲ့ အတူတူပဲ၊ အဲဒါကြောင့် အဲဒီနေရာကို ရခိုင်လူမျိုးတွေ၊ မျိုးနွယ်စုတွေ အကုန်လုံး အဲဒီနေရာကို ရွာပြန်ပြီး တည်ဆောက်ထားပေးသင့်တယ်။ အစိုးရအနေနဲ့ အဲဒီနေရာကို အမြန်ဆုံးလုပ်တဲ့ဆိုတဲ့မျိုးနဲ့ အဆိုတင်လိုက်တာပါ”လို့ ပြောပါတယ်။ ဒီအဆိုနဲ့ပတ်သက်ပြီးတော့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက ထောက်ခံ ဆွေးနွေးခဲ့သလို ပြည်နယ်အစိုးရအဖွဲ့ကလည်း အဆိုကို ထောက်ခံကြောင်း လွှတ်တော်ကို သဘောထား တင်ပြခဲ့ကြပါတယ်။ ဒါ့အပြင် ကျေးရွာတွေကို တည်ဆောက်တဲ့အခါ အရင်လို အကြမ်းဖက်မှုတွေ မဖြစ်ရအောင် လုံခြုံရေးတွေကို စနစ်တကျ ထားရှိထားဖို့ လိုအပ်တယ်လို့ အဆိုရှင်က ပြောပါတယ်။ “ရွာတည်ဆောက်မယ့် နေရာတွေကို လုပ်ကိုင်စားသောက်မယ့်ဟာတွေ အဆင်သင့်ဖြစ်နေဖို့ လိုတယ်။ စနစ်တကျ လုံခြုံရေးတွေကို ချပေးထားဖို့ လိုတာပေါ့။ အရင်ကလို အကြမ်းဖက်မှုတွေ မဖြစ်အောင်ပေါ့။ အခုလက်ရှိ ဖြစ်ပျက်နေတဲ့ အနေအထားက ဘဂါင်္လီတွေက အဆမတန်များသွားပြီ။ အဲဒီမှာမှ ရခိုင်တိုင်းရင်းဒေသခံတွေက ၆ ရာခိုင်နှုန်း၊ ၇ ရာခိုင်နှုန်း လောက်ပဲ ရှိတော့တယ်။” ရခိုင်ပြည်နယ် အစိုးရအနေနဲ့လည်း မောင်တောဒေသမှာ တိုင်းရင်းသားကျေးရွာတွေ တည်ထောင်ပေးဖို့ ကြိုးစားနေကြောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့ ဒေသတွင်းက အိမ်ထောင်စု ၁၀၀ လောက်ကို မောင်တောဒေသမှာ နေထိုင်ရန် ခေါ်ယူပေးဖို့ အစိုးရအဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း နေထိုင်တဲ့ လူဦးရေ ၂ သိန်း ၉ သောင်းကျော် ရှိတဲ့အထဲမှာ ရခိုင်တိုင်းရင်းသားဟာ ၄၀၄ ကျော်သာ ရှိပါတယ်။ ဒါ့အပြင် မောင်တောမြို့နယ်အတွင်းမှာ လူဦးရေ ၄ သိန်းကျော် နေထိုင်ပြီးတော့ ဒီထဲမှာ ရခိုင်လူမျိုး အရေအတွက်ဟာ ၈ သောင်းဝန်းကျင်သာ ရှိတယ်လို့ ဆိုပါတယ်။ သတင်း - ဝဏ္ဏခွာညို
3 years Ago
Up