မောင်တူး

December 30, 2015

မှိုင်းဝေမြရီ မိဂသီ အညီပြည့်လ ရံဝန်းပ သဇင်ပွင့်ပေါ် လနတ်တော်

"နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ် နတ်အိမ်မြှောက်ချီး၊ မုန့်စားလှီး။" မြန်မာ့တဆယ့်နှစ်လမှာ နတ်တော်လဟာ ကိုးလမြောက်ဖြစ်ပါတယ်။ ဆယ့်နှစ်လရာသီ မိုးတွေရွာတဲ့အနက် နတ်တော်လရွာတဲ့မိုးက ဆင်ရာတိမ်မိုးပါ။ ဆင်ခြေရာတွေတောင် တိမ်သွားအောင် နတ်တော်မိုးလ ရွာတတ်ပ။ "ဟေမန်ဆောင်းရက်၊ ဓနုလဂ်နှင့် ပြိုးပြက်လျှံထိန်၊ ဆင်ရာတိမ်လည်း၊ သွန်းချိန်ကာလ၊ သစ်ခွပန်းတင်၊ သဇင်ပန်းပေါ်၊ နတ်တော်ရာသီ၊ မိဂသီနက္ခတ်၊ ဝေဒတ္တရ၊ ကျမ်းမှအလာ၊ မဟာပိန္နဲ၊ ဆင်ပွဲသဘင်" (န၀ဒေး) နတ်တွေကို ပူဇော်တဲ့လမို့ နတ်တော်လလို့ ခေါ်ကြောင်း မှတ်သားရပါတယ်။ စာဆိုတော်နေ့ကို နတ်တော်လဆန်း ၁ ရက်မှာ ကျင်းပကြပါတယ်။ စာဆိုတော်ကြီးတွေ ဖြစ်ကြတဲ့ စာရေးဆရာကြီး ပီမိုးနင်းဟာ နတ်တော်လမှာ ကွယ်လွန်ခဲ့ရှာတယ်။ ကဗျာစာဆိုကြီး တင်မိုးကိုတော့ နတ်တော်မှာ မွေးဖွားခဲ့ပါတယ်။ နတ်တော်လအကြောင်းကို ရန်ကုန်၊ စာပေဗိမာန်ကထုတ်တဲ့ မြန်မာ့စွယ်စုံကျမ်းမှာ အောက်ကအတိုင်း ဖော်ပြထားရဲ့……. နတ်တော်လ။ ။ နတ်တော်လသည် မြန်မာတဆယ့်နှစ်လတွင် ကိုးကြိမ်မြောက်လ ဖြစ်သည်။ ဆောင်းဥတုတွင် ပါဝင်၏။ နတ်တော်လကို ပုဂံခေတ် ကျောက်စာများတွင် နတ္တာဝ်ဟူ၍လည်းကောင်း၊ နတ်တ်ာဟူ၍လည်းကောင်း၊ နတ္တဝ်ဟူ၍လည်းကောင်း ရေးသားသည်ကို တွေ့ရ၏။ နတ်တော်လအကြောင်းကို ဝေါဟာရလီနတ္ထဒီပနီကျမ်းတွင် အဆိုနှစ်မျိုး တွေ့ရ၏။ ပထမအဆိုမှာ နတ်တော်လတွင် မဟာပိန္နဲနတ်အား ပူဇော်ပသရသည်ဟု ဆိုပြီးမှ ဒုတိယအဆိုတွင် ထိုလတွင် မဟာဂိရိနတ်မောင်နှမအား ပူဇော်ပသရသည်ဟု ဆိုပြန်သည်။ နတ်တော်လဟု တွင်သည်မှာ ထိုလတွင် နတ်ကို ပူဇော်ပသရခြင်းကြောင့်ဖြစ်သည်။ ဗေဒင်အခေါ်အားဖြင့် နတ်တော်လကို ဓနုရာသီဟုခေါ်သည်။ ထိုရာသီတွင် မိဂသီနက္ခတ်နှင့် လမင်းတို့ ယှဉ်ပြိုင်မွန်းတည့်သည်။ နေမင်းသည် ပြုဗ္ဗာသဠ်နက္ခတ်နှင့် ယှဉ်ပြိုင်လေသည်။ ရာသီရုပ်မှာ လေးစွဲသော ယောက်ျားရုပ်ဖြစ်သည်။ ရာသီပန်းကား သဇင်ပန်းတည်း။ ဤသည်ကိုရည်၍ ဖိုးသူတော်ဦးမင်း တဆယ့်နှစ်ရာသီဘွဲ့တွင် − “ရှစ်ခွင်ကို မြူဆင်းလို့၊ ငွေနှင်းတဲ့ နုစို။ ဂမုန်းသဇင်တို့၊ စုံခွင်မှာလေချိုညင်းက၊ ထုတ်သွင်းဘယ်ညာနှံ့၊ သင်းပျံ့ပျံ့ချို။ ယုဂန္ဓိုရ်၊ တောင်မိုထိပ်ဖျား။ ရွှေလစန္ဒီနှင့်၊ မိဂသီ ရောင်ခြည်ဖျန်းတယ်၊ မြန်း တူကြွသွား။ ။” ဟူ၍ စပ်ဆိုထား၏။ ရှေးဘုရင်များခေတ်က ရွှေသိုင်းများရှေ့ဆောင်ကာ ဘုရင်မင်းမြတ်အား ဆက်သရမြဲဖြစ်သော ပန်းမြတ်သဇင်တို့ ဤနတ်တော်လတွင် ဖူးပွင့်မြဲဖြစ်ကြောင်းကို ရည်၍ ရှင်ဥတ္တမကျော်က− “ရွှေသိုင်းဝင့်ချီ၊ မိုးရင့်သီလျက်၊ မတီကေတု၊ တိုင်းဇေယုက၊ သမ္မုတိမှန်၊ ကေသာနှံသည်၊ ရွှေလျှံသဇင်၊ ဂမုန်းအင်လည်း၊ ဥကင်မြင့်အောင်၊ ရနံ့လှောင်ခဲ့” ဟု စပ်ဆိုထားခဲ့၏။ နတ်တော်လ ရာသီပန်းဖြစ်သော သဇင်ပန်းကို နတ်ပန်းဟူ၍ အယူရှိကြ၏။ သဇင်ပန်းမှာ တောတွင်းပေါက်သော်လည်း ဘုရင်မင်းမြတ်အား ရှေးဦးစွာ ဆက်သပြီးမှ အများပြည်သူတို့ ဆွတ်ယူပန်ဆင်ကြရလေသည်။ ဤကိုရည်၍- “စုံမြိုင်ရင်းမှာ၊ ကြိုင်သင်းတောလုံး၊ ရနံ့ဖုံးသား၊ ပတ်ကုံးဝန်းကျင်၊ မြေတွင်မရောက်၊ ပင်ပေါ်ပေါက်၍၊ နှင်းသောက်ရွှင်ရွှင်၊ ဖူးတံဆင်သည်၊ သဇင်ရွှေပွင့်၊ လျှပ်ရောင်ဝင့်သို့၊ လှတင့်စိမ်းထွေး၊ နတ်ပန်းမွှေးကို၊ မနှေးလျှင်မြန်၊ မိန့်တော်ပြန်လျက်၊ မျက်မှန်ကျောက်စုံ၊ ရွှေနန်းပုံသို့၊ ဖူးငုံပေါ်စ၊ တင်ဆက်သသည်၊ နောက်မှပြည်သူ၊ သုံးယူပန်ဆင်၊” ဟူ၍ ဦးယာက ဆယ့်နှစ်ရာသီဘွဲ့ လူးတားတွင် ရေးစပ်ထားခဲ့၏။ နတ်ပန်းသဇင် ဖူးပွင့်သည့် နတ်တော်လ သမယတွင် ရှေးမြန်မာမင်းများ ရှိစဉ်အခါ နတ်ပွဲသဘင်နှင့် ဆင်ဖမ်းပွဲများကို ကျင်းပလေ့ ရှိလေသည်။ ဤသည်ကိုရည်၍ ဦးအောင်ကြီး၏ အင်းဝမြို့ဘွဲ့ ဆယ့်နှစ်ရာသီလူးတားတွင် − “သာစွလေ။ ။ မှိုင်းဝေမြရီ၊ မိဂသီနှင့်၊ အညီပြည့်လ၊ ရံဝန်းပလျက်၊ ချမ်းမြရတု၊ ဓနုရာသီ၊ အညီမွမ်းဖြင်၊ ဂမုန်းအင်နှင့်၊ သဇင်ပွင့်ပေါ်၊ လနတ်တော်ကား၊ ပူဇော်ကြီးစွာ၊ မင်းဆရာတို့၊ မဟာပိန္နဲ၊ ရွှေညဲကြည်ငင်၊ တိမ်ညင်တွဲအောက်၊ သွင်းရောက်ပြွမ်းပြွမ်း၊ ကျုံးလုံးမွမ်းမျှ၊ ဆင်ဖမ်းသဘင်၊ ပျော်ပါးရွှင်သည်၊ မြေပြင်ထိန့်ရိုက်မွှန်းတည့်လေ။ ။ ပွင့်လင်းစည်သည် ရွှေပြည်ရွှေဝ နန်းတည့်လေ။” ဟူ၍ စပ်ဆိုထားလေသည်။ ဟင်္သာ တာရာ ထွန်းပသည့် နတ်တော်လရာသီတွင် နံနက် စက်နာရီ ၆ နာရီ ၂၇ မိနစ်တွင် နေထွက်၍ ညနေ စက်နာရီ ၅ နာရီ ၂၃ မိနစ်ခန့်တွင် နေ၀င်သည်။ မြန်မာနာရီအားဖြင့် နေ့ ၂၆ နာရီ ရှိပြီးလျှင်၊ ညဥ့် ၃၄ နာရီ ရှိလေသည်။ ဤသည်ကိုရည်၍ ဦးယာက − “တေဇော ဓာတ်ခန်း၊ ရာသီနန်းဝယ်၊ နှင်းဖျန်းရွှန်းဆို၊ မြိုင်လုံးညိုသား၊ ခေါ်ဆိုမည်ရ၊ ဒွေးဒေဟဟု၊ သည်လရတု၊ ဓနုခေါ်တွင်၊ ရာသီခွင်၌၊ နေ့တွင်နာရီ၊ ဆဒွေးစီ၍၊ တလီိညဥ့်ရေး၊ သုံးဆယ့်လေးတည့်၊ ချမ်းအေးနှင်းဖျော်၊ လနတ္တော် ကို” ဟူ၍ စပ်ဆိုထား၏။ နတ်တော်လတွင် ကြာသပတေးနှင့် စနေနေ့များသည် ပြဿဒါးရက်များ ဖြစ်ကြ၍ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များသည် ရက်ရာဇာများ ဖြစ်ကြသည်။ နတ်တော်လတွင် ရက်မစုံကွယ်သဖြင့် ရက်ပေါင်း ၂၉ ရက်သာရှိ၏။ ဒါတွေကတော့ စွယ်စုံကျမ်းထဲက နတ်တော်လအကြောင်းပါ။ နတ်တော်လရဲ့ ထင်ရှားပုံတွေထဲမှာ စာဆိုတော်နေ့က အဦးအစဖြစ်တယ်။ စာဆိုတော်နေ့ (နတ်တော်လဆန်း ၁ ရက်၊ ၁၃၀၆ ခုနှစ်) စာဆိုတော်လ ဆောင်းညများစွာ အလင်္ကာဖြင့် စာပေပွဲတော် ဆင်ကြတယ်။ (တင်မိုး) ၁၉၃၃- ၂၀၀၇ ပထမဆုံး စာဆိုတော်နေ့ကို ၁၃၀၆ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်မှာ စတင် ကျင်းပခဲ့ပါတယ်။ အခုနှစ် နတ်တော်လဆန်း ၁ ရက်ကဆိုရင် စာဆိုတော်နေ့ ကျင်းပလာတာ ၇၁ နှစ်ရှိပါပြီ။ စာဆိုတော်နေ့အစဟာ စာရေးဆရာ အသင်းကြီးကပါ။ ကိုလိုနီခေတ် ၁၉၄၀ ခုနှစ်မှာ စာရေးဆရာအသင်းကြီး တည်ထောင်ခဲ့ပါပြီ။ ပထမဆုံး ဥက္ကဋ္ဌက အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချိုပါ။ နောက်ဥက္ကဋ္ဌတွေ အဆက်ဆက်ကတော့ ဦးသိမ်းမောင် (၁၉၄၃)၊ ဂျာနယ်ကျော် ဦးချစ်မောင် (၁၉၄၅)၊ ဒဂုန်နတ်ရှင် (၁၉၄၆)၊ မြို့မမောင် (၁၉၄၇) တို့ဖြစ်တယ်။ စာရေးဆရာ အသင်းကြီးက ကြီးမှူးဆောင်ရွက်ခဲ့လို့ ၁၃၀၆ ခုနှစ်၊ ကဆုန်လဆုတ် ၂ ရက်နေ့မှာ ပညာရေးဝန်ကြီး ဦးလှမင်း ရုံးခန်းမှာ မြန်မာစာပေနေ့တနေ့ ရွေးချယ်ရေး စည်းဝေးခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ ၀န်ကြီး ဦးလှမင်း၊ ဦးဖေမောင်တင်၊ ဦးကောင်း၊ ကဗျာဆရာကြီး ဇော်ဂျီ သူကြီးဂေဇက် ဦးခင်မောင်၊ စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးသိမ်းမောင်၊ ဂျာနယ်ကျော် ဦးချစ်မောင်နဲ့ ဦးဟိန်တို့ ဖြစ်တယ်။ ဒီမှာ နတ်တော်လဆန်း ၁ ရက်ကို စာဆိုတော်နေ့လို့ သတ်မှတ်ခဲ့ကြတာပါ။ စာပေသံဖြင့် နာခံမှတ်သား စကားငြင်းဆန် ဝေဖန်ဆစ်ပိုင်း စာသမိုင်းကို ကိုင်းခက်ဝေဆာ စည်ပင်လာအောင် မြို့ရွာတိုင်းက ကျင်းပတယ်။ (တင်မိုး ၁၉၃၃- ၂၀၀၇)   နတ်ပူဇော် နတ်တော်လ စွယ်စုံကျမ်း ၁၂ လရာသီ ပွဲတော်များထဲမှာ အမှတ်စဉ် ၉ နတ်တော်လကို အခုလို ရေးထားတယ်။ (၉) နတ္တော်လ ဓနုရာသီတွင် မဟာပိန္နဲနတ် ပူဇော်ပွဲ ကျင်းပသည်။ ဒါကြောင့် အင်းဝမြို့ဘွဲ့ ဆယ့်နှစ်ရာသီ လူးတားထဲမှာ “ဂမုန်းအင်နှင့်၊ သဇင်ပွင့်ပေါ်၊ လနတ္တော်ကား၊ ပူဇော်ကြီးစွာ၊ မင်းဆရာတို့၊ မဟာပိန္နဲ” ဟု စပ်ဆိုထားတယ်။ ကုန်းဘောင်ဆက် မဟာရာဇ၀င်မှာလည်း ဘကြီးတော်မင်းလက်ထက်က မဟာပိန္နဲသဘင် ကျင်းပတယ်လို့ မှတ်တမ်းပြုထားခဲ့တယ်။ နတ္တော်လဆန်း တဆဲ့ငါးရက်နေ့ မဟာပိန္နဲနတ်ကို ရထားတင်ပြီး ဗလိနတ်စာ ပေးတော်မူသတဲ့။ စာရေးဆရာကြီးမောင်ထင်နှင့် တချို့ သုတေသီတွေကတော့ ဥဇနာမင်းကြီးလက်ထက် ပုပ္ပါးနတ်တောင်တက်ကာ မဟာဂိရိ နတ်မောင်နှမ ပူဇော်ပွဲ ကျင်းပတာကို ဥပမာပြပြီး မဟာဂိရိနတ်ပွဲတွေလည်း နတ်တော်လမှ ကျင်းပကြတယ်လို့ ဆိုတယ်။ နောက်ပိုင်းမှာ မဟာပိန္နဲနတ်ပူဇော်ပွဲထက် မဟာဂိရိနတ် ပူဇော်ပွဲတွေသာ လုပ်ကြပါတော့တယ်။ နတ်တော်လ ကွယ်လွန်သူ စာရေးဆရာကြီး ပီမိုးနင်း (မြန်မာ ၁၂၄၅- ၁၃၀၁ ခုနှစ် နတ်တော်လဆုတ် ၁၂ ရက်) ပီမိုးနင်းဟာ တခေတ်တခါက မြန်မာစာပေလောကမှာ ထိပ်တန်းစာရေးဆရာကြီးပါ။ ငယ်မည် မောင်မိုးနှင်း ဖြစ်တယ်။ ပဲခူးတိုင်း သုံးဆယ်မြို့၊ ရွာမရပ်မှာ ၁၂၄၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက်၊ တနင်္လာနေ့က မွေးတယ်။ မွေးချိန်မှာ မိုးနှင်းတွေ ကျနေခဲ့လို့ မောင်မိုးနှင်း အမည်ပေးခဲ့တယ်။ သူဟာ စာရေးဆရာအလုပ်ကို (၆ - ၁ - ၁၉၄၀) မြန်မာနှစ် ၁၃၀၁ ခုနှစ် နတ်တော်လဆုတ် ၁၂ ရက်နေ့ ကွယ်လွန်ချိန်အထိ စွဲစွဲမြဲမြဲ လုပ်ခဲ့သူ ဖြစ်ပါတယ်။ “သူ့စာကို ရောင်းစားမယ်၊ အမြတ်ထွက်အောင် လုပ်လိုစိတ်မရှိ ၀ါသနာကြီးလွန်းလို့သာ စာရေးခဲ့ပြီး မြန်မာပြည်မှာ စာအုပ်အများဆုံး ရေးသွားခဲ့သူ ဖြစ်ပါတယ်။” လို့ စွယ်စုံကျမ်းမှာ ဖော်ပြထားတယ်။ ပီမိုးနင်း ကလောင်ကိုတော့ ခရစ်ယန်ကျောင်းနေချိန်က သူ့နာမည်ဖြစ်တဲ့ ဖိလစ်ရဲ့ ရှေ့စာလုံး ပီကို ယူခဲ့တာပါ။ ရေးခဲ့တဲ့ စာအုပ်များစွာထဲမှာ ၁။ နေရီရီ၊ ၂။ ပွဲစားကြီးသားအဖနှင့် မြမြ၊ ၃။  ဘားမားဒေး၊ ၄။ နေညိုညို၊ ၅။ ဟေမ၀န်ဘွေ၊ ၆။ တကိုယ်တော်၊ ၇။ ချစ်ပန်းနွယ်၊ ၈။ တနိုင်ငံမြိုင်ယံခြား၊ ၉။ ကမ္ဘာ့မင်တံ၊ ၁၀။ သခင်စိတ်၊ ၁၁။ လက်တွေ့ကြီးပွားရေး၊ ၁၂။ သားဂုဏ်ရည်၊ ၁၃။ သမီးဂုဏ်ရည် အစရှိတဲ့ စာအုပ်ပေါင်းများစွာ ရေးသားခဲ့တဲ့ စာရေးဆရာကြီး ဖြစ်ပါတယ်။ ကဗျာဆရာကြီး တင်မိုး မွေးနေ့ “ဧည့်သည်ကြီး” ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကိုအိမ်ပြန်ပို့ကြပါလေ။ ။ (တင်မိုး ၁၉၃၃ - ၂၀၀၇) ကွယ်လွန်သူ ကဗျာဆရာကြီး တင်မိုးကို မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ကန်မြဲရွာမှာ အဖ ဦးအို၊ အမိ ဒေါ်စံထယ်တို့က ခရစ်နှစ် ၁၉၃၃ ခုနှစ် နိုဝင်္ဘာ ၁၉ ရက် တနင်္ဂနွေနေ့၊ မြန်မာနှစ် ၁၂၉၅ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက်က မွေးဖွားခဲ့တယ်။ အမည်ရင်း ဦးဘဂျမ်း ဖြစ်တယ်။ ကန်မြဲနန်းမြင့်နွယ်၊ စမ်းရောင် ကန်မြဲသက်နှင်း၊ ကိုရင်ဂျမ်း နာမည်တွေနဲ့ ကဗျာတွေ ရေးခဲ့သေးတယ်။ တင်မိုးအမည်ကိုတော့ ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီလက စယူခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ ဖန်မီးအိမ် ကဗျာစာအုပ်နဲ့ စာပေဗိမာန် စာပေဆုရခဲ့တယ်။ ကဗျာပုဒ်ရေပေါင်းများစွာ ရေးခဲ့သူပါ။ ၁၉၅၀ ခုနှစ်က “၀ါကျွတ်သဘင်” ကဗျာကို မန္တလေး ပဟိုရ်စည် သတင်းစာမှာ ကန်မြဲသက်နှင်း အမည်နဲ့ ရေးခဲ့တယ်။ ရေစကြိုအထက်တန်းကျောင်း၊ မန္တလေး တက္ကသိုလ်တွေမှာ ပညာသင်ခဲ့ပြီး ကျောင်းဆရာအလုပ်နဲ့ ကဗျာရေးတာကို တသက်လုံး လုပ်သွားခဲ့တယ်။ ၁၉၆၆ - ၆၇ မှာ လူထုသတင်းစာ ကဗျာအယ်ဒီတာ လုပ်ခဲ့သေးတယ်။ ၁၉၇၀ မှာ ထီးကလေးနဲ့ မနီ ကဗျာစာအုပ်နဲ့ အမျိုးသားစာပေဆု ရခဲ့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းကတည်းက တတ်သိပညာရှင်များ အဖွဲ့မှာ ပါဝင်ခဲ့တယ်။ ၁၉၉၁ ကနေ ၉၅ အထိ အင်းစိန်ထောင်မှာ ကျခဲ့ပြီး ထောင်ကလွတ်ပြီးနောက် ပြည်ပထွက်သွားခဲ့တယ်။ ပြည်ပမှာလည်း ကဗျာတော်တော်များများ ရေးခဲ့တယ်။ ခရစ်နှစ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့မှာ အမေရိကန်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ တခုပြောချင်တယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ကို အရမ်းလေးစားတယ်။ စု အကြောင်း ကဗျာတွေ ရေးသားခဲ့တယ်။ သူမွေးတဲ့ နတ်တော်လဆောင်းပါးမှာ သူ့ရဲ့ (အောင်ဆန်းစုကြည်) အမည်ရှိ ကဗျာကို ဖော်ပြလိုက်ပါမယ်။ (အောင်ဆန်းစုကြည်) အောင်ဆန်း တဲ့ စုကြည် အောင်ဆန်းဆို ဗိုလ်ချုပ်သမီး ကြီးမြတ်ဂုဏ်ရည်။ အာဇာနည် မြန်ပြည်ရဲ့ချစ်သမီး။ ယနေ့အရေးမှာဖြင့် ဖအေ့သွေးပီပီမို့ ဘာမထီ ခေါင်းဆောင်စိတ်ကယ်နဲ့ မြန်မာပြည် ဒေါင်းတောင်နိမိတ်တွေနဲ့ ကျောင်းခေါင်ရိပ် အနီးမှာလ ကောင်းအောင် ဟိတ်ကြီးပါဘိ ခေါင်းဆောင်ထိပ်သီး။     ။ (တင်မိုး ၁၉၃၃ - ၂၀၀၇) (၁၁-၁၂- ၁၉၈၈) မြန်မာနှစ် ၁၃၅၀ ပြည့် နတ်တော်လဆန်း ၃ ရက်မှာ ဒီကဗျာရေးခဲ့တာပါ။ ဒီလို သမိုင်းဝင် ကဗျာရေးခဲ့ချိန်ကလည်း နတ်တော် ဖြစ်နေခဲ့ပါတယ်။ အခုလိုပါပဲ သမိုင်းတလျှောက် နတ်တော်လအတွင်း အဖြစ်အပျက်တွေလည်း အများကြီး ရှိခဲ့မှာပါ။ စာဆိုတော်နေ့လိုမျိုး အထိမ်းအမှတ်နေ့တွေလည်း ဒီလထဲမှာ ရှိနေနိုင်ပါသေးတယ်။ အလားတူ ထင်ရှားကျော်ကြားတဲ့ နတ်တော်လအတွင်း ဖွားမြင်ခဲ့သူတွေ၊ ကွယ်လွန်ခဲ့သူတွေလည်း အများအပြား ရှိနေဦးမှာ ဖြစ်ပါတယ် ခင်ဗျာ။     ။ - ကိုးကား -   ၁။ မြန်မာ့ဆယ်နှစ်လအကြောင်း (မောင်ထင်) - ပါရမီစာပေ ၂။ ဆယ့်နှစ်လရာသီပန်းများနှင့် ပွဲတော်များ။ (ခင်မျိုးချစ်၊ ဂျူနီယာဝင်း) - ဒေါင်းစာပေ ၃။ မြန်မာ့စွယ်စုံကျမ်း မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း၊ ရန်ကုန်မြို့ - စာပေဗိမာန် ၄။ တင်မိုးကဗျာပေါင်းချုပ်
5 years Ago

November 25, 2015

တန်ဆောင်မုန်းလ မိုးအကုန် နက္ခတ် တာရာစုံ

ငွေစန်းရယ်တဲ့ ပုဏ္ဏမီ။ ရွှေကြီးညို တာရာနှင့် ကြတ္တိကာ ယှဉ်ပြိုင်လျှမ်းတယ် ဆန်းစရာသီ။ လှူကထိန် ခါတော်ပွဲငယ်နှင့် ခ၀ဲပွင့် ၀ါစီစီ သာကြည်လဲ့ မြူရှင်း။ လတန်ဆောင်မှာ ကြွပြောင်ပြောင် အသရေတင့်ပါဘိ ရွှေမြင်းမိုရ် ၀ါထိန်ထိန်နှင့် ခါအချိန် မြောက်လေသွေးတယ် အေးတဲ့ငွေနှင်း။ တန်ဆောင်မုန်းလ ရောက်ပါပြီ။ မြန်မာနှစ် ၁ နှစ်မှာ ၁၂ လရှိတာ အားလုံးအသိပါ။ တနှစ်ရဲ့ အစ တန်ခူး၊ ကဆုန်၊ နယုန်၊ ၀ါဆို၊ ၀ါခေါင်၊ တော်သလင်းနဲ့ သီတင်းကျွတ်ပြီးရင် တန်ဆောင်မုန်းက ၈ လမြောက်ပေါ့။ တန်ဆောင်မုန်းလမှာ ထူးခြားချက် အများကြီး ရှိပါတယ်။ တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့၊ တန်ဆောင်တိုင်ပွဲတော်၊ မီးထွန်းပွဲတော်၊ ကထိန်ပွဲတော်တွေ ကျင်းပတဲ့လ ဖြစ်ပါတယ်။ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်က မြန်မာ့အမျိုးသားနေ့၊ တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက်ဟာလည်း တမျိုးသားလုံး ကျွန်ဘ၀ ရောက်ခဲ့တဲ့ သီပေါရာဇာ ပါတော်မူနေ့ ဖြစ်သလို စာရေးဆရာမကြီး လူထုဒေါ်အမာ မွေးဖွားခဲ့တဲ့နေ့လလည်း ဖြစ်ပါတယ်။ ဒါဆိုရင် တန်ဆောင်မုန်းဆိုတာ ဘာအဓိပ္ပ္ပာယ်လဲ၊ ဘာကြောင့် မီးထွန်းပွဲတွေ ကျင်းပကြသလဲ သိလိုကြမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းထုတ် မြန်မာ့စွယ်စုံကျမ်းမှာ တန်ဆောင်မုန်းလကို ဒီလို ဖော်ပြထားပါတယ်။ တန်ဆောင်မုန်းလ။ ။ တန်ဆောင်မုန်းလဟူသော ဝေါဟာရကို ရှေးခေတ် ပုဂံကျောက်စာတို့တွင် တန်ဆောင်မှုန်ဟု ရေးထိုးကြ၏။ ရွတ်ဆိုခေါ်ဝေါ်ရာ၌ကား တန်ဆောင်မှုန်းဖြစ်၏။ ယင်းမှ တန်ဆောင်မုန်းသို့ ရွေ့လျောလာခြင်း ဖြစ်ပေသည်။ သို့သော် ရှေးအခေါ် တန်ဆောင်မှုန်းအပေါ်တွင် မူတည်၍သာ အနက်ကို ကြံဆရပေမည်။ တန်ဆောင်မှာ မီးရှူး၊ မီးတိုင်၊ ဆီမီး ဟူသော အဓိပ္ပာယ်ကို ရ၏။ မှုန်း၏ အနက်ဖွင့်ဆိုချက် အမျိုးမျိုးရှိရာတွင် တောက်ပစေသည်ဟူသော အနက်ကို ယူသင့်၏။ တန်ဆောင်မှုန်းဟူရာ၌ ဆီမီးကို တောက်ပစေသောလ၊ ဆီမီး ထွန်းညှိသောလ ဟူ၍ ကောက်ယူနိုင်ပေသည်။ တန်ဆောင်မုန်းသည် မြန်မာ့ ၁၂ လ ရှိသည့်အနက် အဋ္ဌမလဖြစ်၏။ ရာသီအားဖြင့် ဗြိစ္ဆာဟု ခေါ်သည်။ တန်ဆောင်မုန်းလပြည့်နေ့တွင် မြတ်စွာဘုရားအား မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းကြသည်။ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်း လပြည့်နေ့အထိ ရဟန်းသံဃာတော်များအား ကထိန်သင်္ကန်း ကပ်လှူကြသည်။ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့မှ လပြည့်ကျော် ၁ ရက်နေ့အထိ တန်ဆောင်တိုင်ပွဲတော်ကို ကျင်းပကြသည်။ ဗိဿ  နိုးနတ်မင်းသည် နှစ်စဉ်နှစ်တိုင်း ၀ါဆိုလဆန်း ၁၂ ရက်နေ့မှစ၍ အိပ်လေရာ တန်ဆောင်မုန်းလဆန်း ၁၂ ရက်နေ့တွင်မှ နိုးသောကြောင့် နတ်နိုးသောလဟုလည်း ခေါ်ကြသည်။ တန်ဆောင်မုန်းလတွင် ကောင်းကင်ပြင်၌ မိုးသားတိမ်လွှာ အထူးကင်းစင်နေလေ့ ရှိသည်။ နက္ခတ်ပွဲ တန်ဆောင်မုန်းလ မိုးအကုန် နက္ခတ် တာရာစုံ။ တာရာစုံတဲ့ နက္ခတ်ပွဲ ကျီး ဗျိုင်း ဟင်္သာဝဲ။ ဟင်္သာမင်းကြီး မိုးမှာပျံ ကျီးမင်းရှေ့ကရံ။ ဗျိုင်းမင်းခံလို့ ကျီးညိုဝဲ ဟင်္သာ နောက်ဆက်တွဲ။ ။ (မင်းသုဝဏ်) တန်ဆောင်မုန်းလမှာ တန်ဆောင်တိုင်ပွဲတော် ကျင်းပကြပါတယ်။ ဒါကြောင့် တန်ဆောင်တိုင်ဆိုတာဘာလဲ။ တန်ဆောင်တိုင်ပွဲတော် ဘယ်လိုကျင်းပကြသလဲ။ သိလိုကြမှာပါ။ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းထုတ် စွယ်စုံကျမ်းမှာပဲ တန်ဆောင်တိုင်ပွဲကို အခုလို ဖော်ပြထားပါတယ်။ တန်ဆောင်တိုင်ပွဲနေ့ ။ ။ တန်ဆောင်တိုင်ပွဲနေ့သည် ကဆုန်လပြည့်နေ့မျိုးကဲ့သို့ သာသနာရေးဆိုင်ရာ ပွဲနေ့မျိုးလည်း မဟုတ်ချေ။ ကြတ္တိကာနက္ခတ်နဲ့ စန်းယှဉ်သောလ ဖြစ်သဖြင့် မီးနတ်ပူဇော်ပွဲအဖြစ် ကျင်းပသည့် ပျော်ပွဲသက်သက်ဖြစ်သည်။ သီတင်းကျွတ်မီးထွန်းပွဲတွင် ရာသီဥတု မသာယာလှသဖြင့် လွတ်လွတ်လပ်လပ် ပျော်ပွဲမဆင်နွှဲခဲ့ကြရသော အပျော်အပါး ၀ါသနာပါသူများအတွက် တန်ဆောင်တိုင်ပွဲ ဖြစ်ပေါ်လာရသည်ဟု ယူဆဖွယ်အကြောင်း ရှိသည်။ မဟာဝိနာယက နတ်မင်းကြီးသည် ထိုလတွင် နိုးသဖြင့် နတ်မင်းအား ပူဇော်သည့်ပွဲကို ဗုဒ္ဓဘာသာ မထွန်းကားမီကပင် တန်ဆောင်မုန်းလပြည့်တိုင်း ကျင်းပခဲ့သည့် အလေ့ရှိသည်။ ထိုသို့ မီးနက္ခတ်ပူဇော်ပွဲနဲ့ နတ်မင်းကြီးပူဇော်ပွဲ ကျင်းပသည်မှစ၍ ယခုတိုင် တန်ဆောင်တိုင်ပွဲဟု သမုတ်ကာ မီးထွန်းပွဲများ အရပ်ရပ်တွင် ကျင်းပကြသည်။ တန်ဆောင်မုန်းလမပြည့်မီ အဖိတ်နေ့ လပြည့်နေ့နဲ့ လပြည့်ကျော် ၁ ရက်နေ့ ၃ ရက်လုံးလုံးကို တန်ဆောင်တိုင်ပွဲနေ့ဟု သတ်မှတ်ထားကြသည်။ ယင်းပွဲတော်နေ့များတွင် ယခုအခါ မီးပုံးများ အပြိုင်အဆိုင် ထွန်းညှိ၍ ပွဲလမ်းသဘင်များ ပျော်ပွဲ ဆင်နွှဲကြသည်။ တန်ဆောင်တိုင်ပွဲနေ့ကို ဘာသာရေးနှင့် မသက်ဆိုင်သော်လည်း အချို့က ဆက်၍ယူကြသည်။ ဘုရားရှင်၏ မယ်တော်မိနတ်သားသည် သားတော် ဘုရားအလောင်း တောထွက်တော့မည်ကို သိသောအခါ သင်္ကန်းလိုသဖြင့် ညဥ့်ချင်းပြီး သင်္ကန်းရက်ချုပ်သော အထိမ်းအမှတ်အဖြစ် တန်ဆောင်မုန်းလပြည့်နေ့တိုင်း မသိုးသင်္ကန်းရက်ပွဲ ကျင်းပကြသည်။ ထို့ပြင်လည်း ၀ိနည်းတော်အရ အချိန်နဲ့ကပ်ရသော အကျိုးထူးသည့် ကထိန်လျာ ညပ်သင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်သည့် နောက်ဆုံးနေ့ဖြစ်သဖြင့် အမြို့မြို့ အရပ်ရပ်တွင် ကထိန်ပွဲများ အပြိုင်အဆိုင် ကျင်းပကြသည်။ မန္တလေး၊ ရွှေဘိုနဲ့ စစ်ကိုင်း စသည့်မြို့များတွင် တမြို့လုံး ငွေကြေးစုဆောင်း၍ လှူဖွယ်တို့ကို ပဒေသာပင်များသီးကာ မြို့ပေါ်၌ ကထိန်မကပ်ရသေးသော ဘုန်းကြီးကျောင်းများတွင် ကပ်လှူကြရာ ခြိမ့်ခြိမ့်သဲမျှ စည်ကားသိုက်မြိုက်လှသည်။ ရာသီဥတုသာယာသည့် ယင်းပွဲတော်ညများ၌ လူငယ်လူရွယ်တို့သည် အနီးအပါး အိမ်၊ ကျောင်း စသည်တို့မှ ပန်းအိုး၊ ခုံ၊ လုံချည် စသည်တို့ကို တိတ်တဆိတ်ယူကာ လမ်းဆုံလမ်းခွတို့၌ အဆင့်ဆင့်ထပ်၍ အမျိုးမျိုး ဆင့်ထားကြကာ ၀တိံသာပွဲ ပြုလုပ်ကြသည်။ ကြယ်တာရာ နက္ခတ်အပေါင်း စုံသောအခါ ဖြစ်သဖြင့် တာဝတိံသာရှိ စူဠာမဏိဘုရားအား ပူဇော်ဟန် မီးပုံးပျံများ လွှတ်ကြသည်။ အချို့မြို့များတွင် မီးပုံးပျံ အပြိုင်အဆိုင် လွှတ်ပွဲများပင် ရှိလေသည်။ ပျော်ပွဲရွှင်ပွဲများသာမဟုတ် ရာသီဥတုကောင်း၍ ပွဲသံ တခြိမ့်ခြိမ့်ဖြစ်သော တန်ဆောင်တိုင်ပွဲအခါတွင် လူတို့သည် ညဥ့်နက်သန်းခေါင်ပင် မအိပ်ကြသေးဘဲ ဤလ ဤအခါတွင်မှ ဆေးပေါင်းခသည်ဟု ယူဆကြသော မဲဇလီအဖူးများကို နှမ်း၊ မြေပဲ၊ ကြက်သွန်ကြော်၊ ဆီချက်တို့ဖြင့် တပျော်တပါး သုတ်၍စားကြပေသည်။ အထက်ပါပွဲများအပြင် တန်ဆောင်မုန်းလပြည့်နေ့တွင် သျှင်မာလဲပွဲကိုလည်း ကျင်းပကြလေ့ရှိသည်။ အရိမေတ္တေယျ ဘုရားအလောင်းတော်နတ်သားက သီဟိုဠ်ကျွန်းမှ သျှင်မာလဲမထေရ်အား တန်ဆောင်မုန်းလပြည့်နေ့တိုင်း လူအပေါင်းတို့ကို ဝေဿ    န္တရာဇာတ်တော် ဟောကြားရန် တောင်းပန်သည့်အတိုင်း သျှင်မာလဲက ဂါထာ ၁၀၀၀ အထိ တန်ဆာဆင်အပ်သော ဝေသန္တရာဇာတ်တော်ကြီး ဟောပြောသည်ကို အထိမ်းအမှတ်ပြု၍ ဂါထာ ၁၀၀၀ ပါ ထိုဇာတ်တော်ကို ဟောပြောခြင်း၊ လှော်ကားတော်ပုံ ပြုလုပ်၍ လှော်ကားပေါ်တွင် အသီးတထောင်၊ အပွင့်တထောင်၊ ထမင်းဆုပ်တထောင်၊ ဆီမီးတထောင် စသည်တို့တင်ကာ လှူဒါန်းခြင်းဖြင့် သျှင်မာလဲပွဲ ဆင်ယင်ကျင်းပကြသည်။ တန်ဆောင်တိုင်ပွဲကို ယခုမှသာမဟုတ် ဗုဒ္ဓဘာသာ မြန်မာရှေးမင်း အဆက်ဆက်တို့သည် ပွဲတော်အခါတွင် နန်းတွင်းနန်းပြင်၊ သေနင်ဗိုလ်ထုနဲ့တကွ၊ မင်းဆွေစိုးမျိုး၊ မှူးရိုးမတ်လျာ၊ သေနာပတိ၊ မင်းညီမင်းသား၊ ထီးရံနန်းရံ၊ စော်ဘွား၊ မင်းမိဘုရားတို့ တူရိယာမျိုးအစုံ တီးမှုတ်ကျင်းပလျက် မဟာအသဒိတ အတုလသဘင် ပွဲကြီးယင်၍ ထီးစဉ်နန်းဆက်မပြတ် လှူဒါန်းကြသည်။ တန်ဆောင်မုန်းလဘွဲ့ လှူကထိန် သင်္ကန်းနှင့် မဂ်လမ်းတဲ့ ဆုပန်ရွယ် သည်ချိန်ကို ၀တ်မှုံကြဲလို့ ခ၀ဲရွှေညှာရင်းမှာ သင်းရနံ့ကြွယ်။ ကောင်းကင်လယ် ထက်ဝယ်ဘုံဦး ရွှေလစန္ဒာနှင့် ကြတ္တိကာ ကြယ်ရောင်စွန်းတယ် ထွန်းထိန်လို့မြူး။ ။ (ဖိုးသူတော်ဦးမင်း) ကထိန်ပွဲတော်ကျင်းပတဲ့ တန်ဆောင်မုန်းလ ကထိန်သင်္ကန်း ကပ်လှူပွဲတွေကို ဘုရားရှင်လက်ထက်ကစ ခွင့်ပြုခဲ့ပါတယ်။ သီတင်းကျွတ်လဆုပ် ၁ ရက်ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ ကျင်းပကြရတယ်။ ကထိန ခေါ် ကထိန်သင်္ကန်းပွဲဟာ တန်ဆောင်မုန်းလရဲ့ ထူးခြားချက်ပါ။ မသိုးသင်္ကန်းဟာလည်း ထူးခြားပါတယ်။ ထမင်းဟင်းသိုးတွေ မဖြစ်စေသလို တန်ဆောင်မုန်းလဆန်း ၁၄ ရက်ညမှာ ရက်ကန်းစင်တွေနဲ့ အပြီးရက်ချုပ်ပြီး လပြည့်နေ့ အရုဏ်တက်မှာ ဗုဒ္ဓမြတ်စွာကို ရည်မှန်းလို့ သင်္ကန်းကို အပြီးကပ်လှူကြရတာပါ။ ကထိန်သင်္ကန်းဟာ ရဟန်းတွေအတွက် အရမ်းအကျိုးရှိသလို၊ ကပ်လှူခွင့်ရသူတွေအတွက်လည်း အကျိုးထူးတွေ ရကြပါတယ်။ အမျိုးသားနေ့ (တန်ဆောင်မုန်းလဆုပ် ၁၀ ရက်) တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်က အမျိုးသားနေ့ဖြစ်တယ်။ နယ်ချဲ့ အင်္ဂလိပ်လက်အောက်က လွတ်မြောက်ဖို့ ကြိုးပမ်းချိန် ဝံသာနုလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ဂျီစီဘီအေ အသင်းချုပ်ကြီးက ကြီးမှူးပြီး အမျိုးသားနေ့ကို သတ်မှတ်ခဲ့တာဖြစ်တယ်။ သီပေါမင်း ပါတော်မူနေ့၊ ဆရာတော် ဦးဥတ္တမ ထောင်ကျတဲ့နေ့၊ ကျောင်းသားတွေ အင်္ဂလိပ်အစိုးရ ရန်ကုန်တက္ကသိုလ်ဥပဒေကို စတင်သပိတ်မှောက်တဲ့နေ့ တနေ့နေ့သတ်မှတ်ဖို့ လျာထားခဲ့ပြီး ၁၉၂၂ ခုနှစ်၊ ဇွန်လ ၁၇ - ၁၈ ရန်ကုန် ဂျူဗလီဟောမှာကျင်းပတဲ့ ဂျီစီဘီအေ အထူးကွန်ဖရင့်က ၁၉၂၀ ရန်ကုန်တက္ကသိုလ် ဥပဒေကို ကျောင်းသားတွေ သပိတ်မှောက်တဲ့ တန်ဆောင်မုန်းလဆုပ် ၁၀ ရက်ကို အမျိုးသားနေ့ သတ်မှတ်ခဲ့တာပါ။ အင်္ဂလိပ်နယ်ချဲ့အစိုးရကို အောင်ပွဲခံတဲ့ အမျိုးသားအောင်ပွဲနေ့လို့လည်း ခေါ်ကြပါတယ်။ ရက်သတ်မှတ်တဲ့အခါ  အမျိုးသားအဓိပ္ပာယ် ပေါ်လွင်ထင်ရှားစေဖို့ တက္ကသိုလ်ဥပဒေကို သပိတ်မှောက်တဲ့ အင်္ဂလိပ်ရက် ဒီဇင်ဘာ ၅ ကို မယူဘဲ မြန်မာရက် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ကို သေသေချာချာ သတ်မှတ်ပေးခဲ့ပါတယ်။ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တိုင်း အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွေ ကျင်းပကြမြဲပါ။ အမျိုးသားနေ့ကို ၁၉၃၄ ခုနှစ်ကစ ကျောင်းပိတ်ရက်၊ ၁၉၃၈ ခုနှစ်ကစ ရုံးပိတ်ရက် သတ်မှတ်ခဲ့တာပေါ့။ သီပေါဘုရင် ပါတော်မူနေ့ (၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်) ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလဆုပ် ၈ ရက်မှာ မြန်မာ့နောက်ဆုံးမင်းဆက် ကုန်းဘောင်ခေတ် အဆုံးသတ်သွားတာ မဟုတ်လား။ နယ်ချဲ့တပ်တွေ မန္တလေးနန်းတော်ကို သိမ်း သီပေါမင်းကို ရတနာဂီရိကိုပို့ မြန်မာပြည်ကို နေမ၀င်အင်ပါယာထဲ ထည့်လိုက်တဲ့နေ့ပေါ့။ မြန်မာအမျိုးသားထုတရပ်လုံး သူ့ကျွန်ဘ၀ ရောက်ခဲ့ရတဲ့ ပါတော်မူနေ့အဖြစ် သမိုင်းတွင်ခဲ့ပါတယ်။ အခု ခရစ်နှစ်၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၄ ရက်၊ မြန်မာနှစ် ၁၃၇၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်ဟာ နှစ် ၁၃၀ ပြည့် ပါတော်မူနေ့ပါ။ စာရေးဆရာမကြီး လူထုဒေါ်အမာ ရာပြည့်မွေးနေ့ (တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်) မြန်မာ့လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးလှုပ်ရှားမှု၊ စာနယ်ဇင်းလောကမှာ ထင်ရှားသူ လူထုဒေါ်အမာကို မန္တလေးမှာ အဘ ဦးထင်၊ အမိ ဒေါ်စုတို့က ခရစ်နှစ် ၁၉၁၅  နိုဝင်ဘာ ၂၉ ရက်၊ မြန်မာသက္ကရာဇ် ၁၂၇၇ ခု တန်ဆောင်မုန်းလဆုပ် ၈ ရက် တနင်္လာနေ့မှာ မွေးဖွားခဲ့ပါတယ်။ အခုနှစ်မှာ လူထုဒေါ်အမာ ရာပြည့်ပါ။ သူဟာ ရန်ကုန်တက္ကသိုလ် ၁၉၃၆ ဒုတိယကျောင်းသားသပိတ်မှာ ပါဝင်ခဲ့တယ်။ အိုးဝေ၊ ကြီးပွားရေးမဂ္ဂဇင်းတို့နဲ့ ဘားမားဂျာနယ်တွေမှာ စာတွေရေးခဲ့ပြီး ၁၉၃၈ မောရစ် ကောလစ်ရဲ့ စာအုပ်ကို ‘မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ’ ဆိုပြီး ဘာသာပြန်ထုတ်ဝေခဲ့လို့ ထင်ရှားလာခဲ့တယ်။ ၁၉၃၉ နိုဝင်ဘာ ၁၃ လူထုဦးလှနဲ့ လက်ထပ်ပြီး ကိုစိုးဝင်း (ရဲဘော် ထွန်းကျော်)၊ ဒေါက်တာ ဒေါ်သန်းရင်မာ၊ ဖိုးသံချောင်း၊ ဒေါ်တင်ဝင်းနဲ့ ကိုငြိမ်းချမ်း (စာရေးဆရာ ညီပုလေး) တို့ ၅ ဦး မွေးခဲ့တယ်။ သားအကြီးဆုံး ကိုစိုးဝင်း၊ တတိယသား ဖိုးသံချောင်းတို့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နဲ့ သွား ပူးပေါင်းခဲ့ကြပါတယ်။ ၁၉၄၅ ဇူလိုင် လူထုဂျာနယ် စထုတ်တော့ လက်ထောက်အယ်ဒီတာ၊ ၁၉၄၆ ဧပြီ ၁၉ လူထုသတင်းစာထုတ်တော့ အယ်ဒီတာအဖွဲ့ဝင် ဖြစ်လာတယ်။ ၁၉၆၄ မှာ ‘ပြည်သူချစ်သော အနုပညာရှင်များ’ စာအုပ်နဲ့ စာပေဗိမာန် မြန်မာ့ယဉ်ကျေးမှု အနုပညာဆိုင်ရာ စာပေပထမဆု ရခဲ့တယ်။ လူထုဒေါ်အမာဟာ မကြာခဏ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ဖြစ်ပါတယ်။ စန္ဒမာလာ (၁၉၄ဝ)၊ ပြည်သူချစ်သော အနုပညာသည်များ၊ ဘဝချင်းမတူသည့် တရုတ်ပြည် (၁၉၆၆)၊ အောင်ဗလ ဖိုးစိန် စိန်ကတုံး၊ ရွှေရိုး ဦးဘကလေး၊ ရွှေမန်းတင်မောင်၊ အငြိမ့် (၁၉၇၃)၊ ရွှေဒေါင်းတောင် ဆောင်းပါးများ (၁၉၇၅)၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း (၁၉၇၆)၊ အာဖရိက ဝတ္ထုတိုများ၊ မန္တလေးသူ မန္တလေးသားများ၊ ထိုင်းဝတ္ထုတိုများ (၁၉၉၂)၊ ရတနာပုံ မန္တလေး ကျွန်မတို့ မန္တလေး၊ သာသနာ့တန်ဆောင် ဆရာတော်ကြီးများ၊ ကျွန်မတို့ငယ်ငယ်က၊ အမေ့ရှေးစကား (၁၉၉၇) အပါအ၀င် လုံးချင်းစာအုပ် ၅၀ နီးပါး ထုတ်ဝေခဲ့ပါတယ်။ လူထုဒေါ်အမာဟာ အသက် ၉၂ နှစ် ၂၀၀၈ ခုနှစ် ဧပြီ ၇ ရက်မှာ ကွယ်လွန်သွားခဲ့တယ်။ မြန်မာ့ပထမဆုံး သမ္မတ စ၀်ရွှေသိုက် (ကွယ်လွန်နေ့၊ တန်ဆောင်မုန်းလဆုပ် ၁၀ ရက်) လက်ရှိသမ္မတက ဦးသိန်းစိန်ပါ။ အခု ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ဘယ်သူ သမ္မတ ဖြစ်မလဲ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သမ္မတအထက်မှာ သူရှိနေသတဲ့။ ခုလို သမ္မတအကြောင်း ပြောနေကြချိန်မှာပဲ မြန်မာပြည်ရဲ့ ပထမဆုံး သမ္မတကြီးအကြောင်း တင်ပြလိုပါတယ်။ ပထမဆုံး သမ္မတကြီး စ၀်ရွှေသိုက်ဟာ အခုလ တန်ဆောင်မုန်းလနဲ့ ပတ်သက်နေလို့ အထူးပြောချင်မိတာပါ။ မြန်မာနှစ် ၁၂၅၇ ခု ခရစ်နှစ် ၁၈၉၆ မှာ သူ့ကို မွေးဖွားခဲ့ပြီး ၁၉၆၂ နိုဝင်ဘာ ၂၁ ရက် မြန်မာနှစ် ၁၃၂၄ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက် ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားခဲ့သူပါ။ မြန်မာပြည် လွတ်လပ်ရေးရအပြီး ၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ ရှမ်း၊ ကရင်၊ ကချင်၊ ဗမာ အုပ်စု ၄ စုက သမ္မတကို အလှည့်ကျ တင်မြှောက်ရမယ် ဆိုပါတယ်။ ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့ကစလို့ စ၀်ရွှေသိုက် သမ္မတ ဖြစ်လာပါရဲ့။ သူ့ကို ညောင်ရွှေမြို့မှာ ညောင်ရွှေစော်ဘွား ဆာစပ်မောင်နဲ့ မဟာဒေဝီတို့က ဖွားမြင်ခဲ့ပါတယ်။ ၁၉၂၉ ဖခမည်းတော် ကံတော်ကုန်ချိန် ညောင်ရွှေစော်ဘွား အရိုက်အရာ ခံယူတယ်။ စဝ်ရွှေသိုက်ဟာ ၁၉၃၇ ဇွန်လမှာ သိန္နီမြောက်ပိုင်း စော်ဘွားသမီး စဝ်ဟိန်းခမ်းနဲ့ လက်ထပ်ခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ သူ့ သမ္မတသက်တမ်း ကုန်တဲ့အခါ လူမျိုးစု လွှတ်တော်နာယက တင်မြှောက်ခံရပြန်တယ်။ ၁၉၅၉ ခု ဧပြီ ၂၉ အခြားစော်ဘွားတွေနဲ့အတူ စော်ဘွားအာဏာ စွန့်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ တော်လှန်ရေးကောင်စီ အမည်ခံ ဗိုလ်နေဝင်း အာဏာသိမ်းတော့ သမ္မတဟောင်း စဝ်ရွှေသိုက် ဖမ်းဆီးခံရတယ်။ ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ မြန်မာနှစ် ၁၃၂၄ ခုနှစ် တန်ဆောင်မုန်းလဆုပ် ၁၀ ရက် ရန်ကုန်မှာ သူ ကွယ်လွန်သွားပါတယ်။ ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်ည တန်ဆောင်မုန်းလပြည့်မှာ ဆေးပေါင်းခတဲ့ မဲဇလီဖူးတွေခူးပြုပ်ပြီး သုပ်စားကြပါတယ်။ မဲဇလီပင် ဘာလို့ ဆေးပေါင်းခရသလဲ။ ရှေးလူတွေကတော့ တန်ဆောင်မုန်းလပြည့်မှာ ပတ်ဝန်းကျင်ရှိ နတ်၊ ရုက္ခစိုးတွေဟာ မဲဇလီပင်စောင့်နတ်တွေဆီ စုဝေးပြီး လာရောက် ဦးခိုက်နေတဲ့အချိန် ဖြစ်တာကြောင့်လို့ ပြောကြတာ မှတ်သားဖူးပါတယ်။ မဲဇလီပင်တိုင်းမှာ နတ်အပေါင်းတို့ အရိပ်အငွေ့တန်ခိုးတွေ ပေါင်းဆုံနေတာကြောင့် ဆေးပေါင်းခကြရတယ်လို့ ပြောကြပါတယ်။ ဆေးပညာအရလည်း အခါးဓာတ်ရှိတဲ့ မဲဇလီတွေဟာ အာနိသင်ရှိနေတာပါ။ တန်ဆောင်မုန်းလပြည့်ချိန်နဲ့ ကြတ္တိကာနက္ခတ် ယှဉ်ချိန်မို့ ဆေးပေါင်းခတယ်လို့လည်း ဗေဒင်အလိုပြ ဟောကြပါသေးတယ်။ ပြီးတော့လည်း တန်ဆောင်မုန်းဟာ ဓာတ်ကြီး ၄ ပါး ညီညွတ်ချိန်ဖြစ်လို့ ဆေးပေါင်းခရတယ်လို့လည်း ဆိုကြပါတယ်။ တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့) မြတ်စွာဘုရားက အဇာတသတ်မင်းကို တန်ဆောင်မုန်းလပြည့်ညမှာ သာမညဖလသုတ္တန် (ရဟန်းပြုတဲ့အကျိုး) တရားတော် ဟောကြားခဲ့တာကို မူတည်ပြီး သာမညဖလအခါတော်နေ့လို့ ခေါ်ကြပါတယ်။ ဒေ၀ဒတ်ကို ဆရာတင်မိခဲ့သူ အဇာတသတ်ဘုရင်ဟာ သူ့ဖခမည်းတော် ဗိမ္မိသာရမင်းကြိီးကို သတ်ခဲ့မိပြီး အိပ်မရတဲ့ ဝေဒနာ စွဲကပ်နေခဲ့တယ်။ ဒီအချိန်မှာပဲ ဗုဒ္ဓဘုရားရှင်အပေါ် အကောက်ကြံခဲ့တဲ့ အကုသိုလ်ကြီးလွန်းတာကြောင့် သူ့ဆရာ ဒေ၀ဒတ်ဟာလည်း မြေမြိုသွားခဲ့ပြီးပြီ။ ဆရာ ဒေ၀ဒတ်လို ခံရမှာကို အဇာတသတ် အရမ်းကြောက်နေချိန် သမားတော်ကြီး ဇီဝကရဲ့ အကူအညီနဲ့ ဘုရားရှိရာ သရက်ဥယျာဉ်ဆီ လာခဲ့ပါတယ်။ ဗုဒ္ဓက အဇာတသတ်ကို ရဟန်းပြုခြင်းအကျိုး သာမညဖလသုတ် ဟောအပြီး အိပ်မပျော်တဲ့ဝေဒနာ ပျောက်သွားခဲ့ပါတယ်။ ဘုရား တရား သံဃာ ရတနာသုံးပါးကို ကြည်ညိုသွားခဲ့သလို သာသနာပြုလုပ်ငန်းတွေကို အစွမ်းကုန် ဘ၀သက်ဆုံး လုပ်သွားခဲ့ပါတယ်။ အဇာတသတ်ဟာ ပထမ သင်္ဂါယနာတင် မင်းတရားကြီး ဖြစ်သွားတဲ့အထိပါ။ အဖသတ်ထားတဲ့ ဆိုးပြစ်ကြောင့် အဇာတသတ်ဟာ မဟာအ၀ီဇိငရဲမှာ ကျခံရမှာပါ။ ဒါပေမယ့်လည်း ဘုရားရှင်ရဲ့ တန်ဆောင်မုန်းလပြည့်ည သာမညဖလသုတ်တော် နာကြားအပြီး ရဟန်းသံဃာတွေ အပါအ၀င် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး သက်ဝင်ယုံကြည်မှု အကျိုးဆက် သာသနာပြုမင်းအဖြစ် ကုသိုလ်တရားတွေကလည်း အများအပြား ရှိလာခဲ့ပါတယ်။ ဒါကြောင့် အကုသိုလ်ကံတွေကို ကုသိုလ်ကံတွေက လွှမ်းအုပ်ထားနိုင်ခဲ့လို့ အဇာတသတ်မင်း နတ်ရွာစံတဲ့အခါ အဆိုးဆုံး အ၀ီဇိကို မကျတော့ဘဲ တဆင့်နိမ့် လောဟကုမ္ဘီ ငရဲမှာသာ ကျခံရပါတော့တယ်။ ဒီငရဲကနေ နောင်တချိန်မှာ လွတ်မြောက်ပြီးပါက အဇာတသတ်ဟာ ပစ္စေကဗုဒ္ဓ ရဟန်းသာ ဖြစ်မှာပါ။ ဒါဟာ ရတနာသုံးပါး ကြည်ညို ကိုးကွယ်တဲ့ ကုသိုလ်ကြောင့်ပါ။ အခု တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့မှာလည်း လယ်သမား၊ အလုပ်သမား၊ ၀န်ထမ်း၊ အောက်ခြေ ပြည်သူတွေကအစ မင်းအစိုးရတွေအထိ အကုသိုလ်တွေရှောင် ကုသိုလ်တွေဆောင်ပြီး ရတနာသုံးပါးကို ကြည်ညို ဆည်းကပ်သင့်ချိန် ဖြစ်ပါတယ်။ အထူးသဖြင့် ဘုရားသားတော် ရဟန်းသံဃာတော် အပေါင်းတို့ကို လှူဒါန်း ကြည်ညို ပူဇော်သင့်ချိန် ဖြစ်ပါတယ်။     ။ မှီငြမ်း - ၁။ မြန်မာ့ဆယ်နှစ်လအကြောင်း (မောင်ထင်) - ပါရမီစာပေ ၂။ ဆယ့်နှစ်လရာသီပန်းများနှင့် ပွဲတော်များ (ခင်မျိုးချစ်၊ ဂျူနီယာဝင်း) - ဒေါင်းစာပေ ၃။ မြန်မာ့စွယ်စုံကျမ်း မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း၊ ရန်ကုန်မြို့ - စာပေဗိမာန် ၄။ လူထုအမေ နှစ် ၉ဝ အမှတ်တရ စကားစု စာစုများ
5 years Ago
More News
Up