ဂျပန်ဝန်ကြီးချုပ် ရှင်ဖို့အာဘေးနဲ့ ရုရှားနိုင်ငံတောင်ပိုင်း ဆိုချီမြို့မှာ မေလ ၆ ရက်နေ့ တွေ့ဆုံကြ မယ့်အစီအစဉ်ကို ရုရှားသမ္မတဗလာဒီမာပူတင်က ထုတ်ဖော်ပြောဆိုပါတယ်။
မစ္စတာပူတင်က မော်စကိုမြို့မှာ ဂျပန်အသံအမတ်သစ် တိုယိုဟီဆာ ကိုဇူကီအပါအ၀င် သံတမန်အသစ်တွေကို ဧပြီ ၂၀ ရက်နေ့ကတွေ့ဆုံစဉ် ပြောဆိုခဲ့တာလို့ ဂျပန် အန်အိပ်ခ်ျကေ သတင်းက ရေးပါတယ်။
ဂျပန်နိုင်ငံနဲ့ ကဏ္ဍအသီးသီးမှာ တွေဆုံဆွေးနွေးမှုမြှင့်တင်တာဟာ ရုရှားနိုင်ငံခြားရေးမူဝါဒ အတွက်ဦးစားပေးတွေထဲက တခုဖြစ်တယ်လို့ မစ္စတာပူတင်က ပြောပါတယ်။
ဂျပန်ဝန်ကြီးချုပ်လာရောက်မယ့် ခရီးစဉ်ဟာ နှစ်နိုင်ငံအပြန်အလှန်အကျိုးရှိတဲ့ဆက်ဆံရေး တိုးတက်စေဖို့အတွက် အထောက်အကူဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ကြောင်း သူကပြောပါတယ်။
ဒီထိပ်သီးဆွေးနွေးပြီးအပြီးမှာ နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးစာချုပ်တရပ် လက်မှတ်ရေးထိုးနိုင်ရေး အတွက် နှစ်ဘက်အလုပ်အဖွဲ့တွေ ညှိနှိုင်းကြဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေ သဘောတူညီခဲ့ကြပါတယ်။
ဒီညိနှိုင်းမှုတွေဟာ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ကျွန်း ၄ ကျွန်းနဲ့ပတ်သက်လို့ နှစ်ဘက် လက်ခံနိုင်ဖွယ် အဖြေရှာဖို့ဖြစ်ပါတယ်။ လက်ရှိမှာ ရုရှားက ထိန်းချုပ်ထားတဲ့ ဒီကျွန်းတွေဟာ ဂျပန်နိုင်ငံမြောက်ပိုင်း ပိုင်နက်အစိတ်အပိုင်းသာဖြစ်ပြီး ဒုတိယကမ္ဘာစစ်မှာ ရုရှားက တရားမ၀င် သိမ်းပိုက်ခဲ့တာလို့ ဂျပန်က ပြောပါတယ်။
ထိပ်သီးခေါင်းဆောင်နှစ်ဦးတွေ့တဲ့အခါ ကိစ္စရပ်အားလုံးကို ဆွေးနွေးကြမှာဖြစ်ကြောင်းနဲ့ တချိန်ချိန်မှာ နှစ်ဘက်အကြားအပေးအယူအလျော့အတင်းလုပ်တဲ့အဆင့်ကို ရောက်ရှိကြ လိမ့်မယ်လို့ မစ္စတာပူတင်က နိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးမတိုင်ခင် တရက်အလိုမှာ ပြောခဲ့ပါတယ်။
5 years Ago