ဘေးလွတ်ရာရွှေ့(ရုပ်သံ)

January 6, 2018

လေယာဉ် ၂ စီး ပြေးလမ်းပေါ်တိုက် ပေါက်ကွဲမှုဖြစ်၊ ခရီးသည်များ ဘေးလွတ်ရာရွှေ့(ရုပ်သံ)

ကနေဒါနိုင်ငံ တိုရန်းတိုးမြို့ ပီရာဆန်လေဆိပ်မှာ ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၆ နာရီ ၁၉ မိနစ်မှာ လေယာဉ် ၂ စီး တိုက်မိပြီး မီးတောက် ပေါက်ကွဲမှုဖြစ်လို့ ခရီးသည် ဒါဇင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းလိုက်ရပါတယ်။ လေဆိပ်ကို ရောက်လာတဲ့ ခရီးသည် ၁၆၈ ဦးနဲ့ ဝန်ထမ်း ၆ ဦး တင်ဆောင်လာတဲ့ ဘိုရင်း ၇၃၇-၈၀၀ လေယာဉ်ကြီးက ဂိတ်ကိုဆက်သွားဖို့ စောင့်ချိန်မှာ ဆန်းဝင်းလေကြောင်းလိုင်း လေယာဉ်က တိုက်ခဲ့တာလို့ ဝက်စ်ဂျက်လေကြောင်းလိုင်းက ပြောပါတယ်။ ရုပ်သံထဲမှာ ဆန်းဝင်းလေယာဉ်ရဲ့တောင်ပံနားမှာ မီးလောင်နေပြီး ဝက်စ်ဂျက်လေယာဉ်ပေါ်က ခရီးသည်တွေက အရေးပေါ်ထွက်ပေါက်တွေကနေ လျောဆင်းနေတာကို တွေ့ရပါတယ်။ ခရီးသည်တွေအားလုံး ဘေးကင်းရာ ရွှေ့ပြောင်းနိုင်ခဲ့ပြီး အသက်အန္တရာယ် ကင်းရှင်းတယ်လို့ ဝက်စ်ဂျက်ကလေကြောင်းလိုင်းက ပြောပါတယ်။ လေယာဉ်က မက္ကဆီကိုနိုင်ငံ ကန်ကူအပမ်းဖြေစခန်းကနေ တိုရန်းတိုး ပီရာဆန် လေဆိပ်ကို ပျံသန်းခဲ့တာဖြစ်ပြီး လေယာဉ်ရပ်နားနေချိန်မှာ လေယာဉ်တိုက်မှုဖြစ်တာလို့ ဝက်စ်ဂျက်လေကြောင်းလိုင်းက ပြောပါတယ်။ “ပြေးလမ်းပေါ်က လေယာဉ်တွေရဲ့ အနေအထားတွေကြောင့် လေယာဉ်တိုက်မှုဖြစ်တာပါ။ ဝက်စ်ဂျက်စ်လေယာဉ်ပေါ်က ခရီးသည်တွေကို အရေးပေါ်ထွက်ပေါက်တွေကတဆင့် ဘေးလွတ်ရာလည်း ရွှေ့ပြောင်းထားတယ်” လို့ ဝက်စ်ဂျက်က တွီတာပေါ်မှာ ရေးထားပြီး အရေးပေါ်ဝန်ထမ်းတွေလည်း ချက်ခြင်း ရောက်လာတယ်လို့ လေကြောင်းလိုင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးထားပါတယ်။ မီးသတ်တပ်ဖွဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ လေယာဉ် ၂ စီးတိုက်တဲ့ ဂိတ်နံပါတ် ၃ ကို ချက်ခြင်း ရောက်လာတယ်လို့ ပီရာဆန်လေဆိပ်အာဏာပိုင်တွေကလည်း တွီတာပေါ်မှာ ရေးထားပြီး ဆန်းဝင်းလေကြောင်းလိုင်းက သူတို့လေယာဉ်ရဲ့ မြေပြင်ပေါ်သုံးယာဉ်က လေယာဉ်ကိုတိုက်မိပြီး ခုလိုဖြစ်တာလို့ ပြောပါတယ်။ မျက်မြင်တွေက လေယာဉ်တိုက်မိတဲ့ပုံတွေကို လူမှုကွန်ရက်ပေါ်မှ တင်ထားတယ်လို့လည်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up