ဘော်စတွန်မာရသွန် ဗုံးခွဲသည့်လူငယ် ထိခိုက်သေဆုံးမှုများအတွက် ပြန်တောင်းပန်

June 25, 2015

ဘော်စတွန်မာရသွန် ဗုံးခွဲသည့်လူငယ် ထိခိုက်သေဆုံးမှုများအတွက် ပြန်တောင်းပန်

၂၀၁၃ ခုနှစ်က အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့ မာရသွန် ဗုံးခွဲမှုနဲ့ သေဒဏ်ချခံထားရတဲ့ လူငယ်က သူ့ရဲ့လုပ်ရပ်ကြောင့် ထိခိုက်သေဆုံးခဲ့သူတွေအတွက် ဇွန် ၂၄ ရက်နေ့က ပထမဆုံးတောင်းပန်ခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဂျော်ကာ ဇာနာရက်ဖ်က သူ့လုပ်ရပ်ကြောင့် လူတွေ ထိခိုက်သေဆုံးခဲ့တာတွေ၊ ဘယ်လိုမှ ပြန်မရတော့တဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် ၀မ်းနည်းရပါတယ်လို့ တရားရုံးအတွင်း ကျန်ရစ်သူမိသားစုဝင်တွေရှေ့မှာ တောင်းပန်ခဲ့တာပါ။ ဇာနာရက်ဖ်နဲ့ ညီအစ်ကို ၂ ဦး မာရသွန်ပန်းတိုင်အနီး ဗုံးခွဲတိုက်ခိုက်မှုမှာ လူ ၃ ဦး သေဆုံးပြီး ၂၆၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေနဲ့ နောက်ဆက်တွဲ ပစ်ခတ်မှုတွေအတွင်း အစ်ကိုဖြစ်သူကတော့ သေဆုံးခဲ့ပါတယ်။ သူဟာ ဘော်စတွန်မာရသွန်ဗုံးခွဲမှု၊ အဲ့ဒီနောက်ပိုင်း MIT တက္ကသိုလ်ထဲမှာ ရဲအရာရှိတဦးကို ပစ်သတ်မှုတွေနဲ့ ပြီးခဲ့တဲ့လက သေဒဏ်ချခံရပြီး ဇွန် ၂၄ ရက်နေ့မှာ တရားသူကြီးက တရားဝင်အမိန့်ချခဲ့တာပါ။ ကျန်ရစ်သူမိသားစုတွေရဲ့ ထုတ်ဖော်ပြောဆိုမှုတွေကို သူနားထောင်ရပြီး သူတို့တွေရဲ့ သည်းခံမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ဂုဏ်သိက္ခာကို အလေးထားမိပါတယ်လို့လည်း ဇာနာရက်ဖ်က ပြောဆိုပါတယ်။ သူ့ရဲ့တောင်းပန်ပြောဆိုမှုနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံးသူ မိသားစုဝင်တွေကတော့ သူ့ကို ခွင့်လွှတ်သူတွေလည်းရှိသလို မကျေနပ်သူတွေလည်း ရှိပါတယ်။ “သူတောင်းပန်တာ ကြားရမြင်ရမှ ပိုလို့တောင် ၀မ်းနည်းပက်လက်ဖြစ်ရပါတယ်။ သူကတောင်းပန်နေပေမယ့် သူ့ရဲ့လုပ်ရပ်အတွက် သူနောင်တရပုံလည်း မပြဘူး။ ၀မ်းနည်းမှုလည်းမပြဘူး။ စာနာမှုလည်း မပြပါဘူး။” သူတို့ညီအစ်ကို ၂ ယောက်လုံးဟာ ချေချင်းညာကနေ အမေရိကန်ပြည်ထောင်စုမှာ မိသားစုနဲ့အတူ လာရောက်အခြေချနေထိုင်သူတွေဖြစ်ကြပါတယ်။ သူတို့ရဲ့ ဗုံးခွဲတိုက်ခိုက်မှုဟာလည်း အမေရိကန်ပြည်ထောင်စုမှာ စက်တင်ဘာ အလဲဗင်းတိုက်ခိုက်မှုအပြီး အကြီးဆုံးအကြမ်းဖက်မှုလည်း ဖြစ်ခဲ့ပါတယ်။
6 years Ago
Up