ဘော့ဒိုင်လန်

March 31, 2017

စာပေနိုဘယ်လ်ဆုရှင် ဘော့ဒိုင်လန် ဆုကို ကိုယ်တိုင်သွားယူမည်ဟု ကြေညာ

ပြီးခဲ့တဲ့နှစ်က စာပေဆိုင်ရာ နိုဘယ်လ်ဆုကို ကိုယ်တိုင်သွားရောက်မယူခဲ့တဲ့ အမေရိကန်ဂီတပညာရှင် ဘော့ဒိုင်လန် (Bob Dylan) ဟာ အခုတော့ ဆွီဒင်နိုင်ငံကို သွားရောက်ပြီး နိုဘယ်လ်ဆုကို ကိုယ်တိုင်သွားယူမယ်လို့ မတ် ၂၉ ရက်နေ့က ကြေညာပါတယ်။ အသက် ၇၅ နှစ်အရွယ် အဆိုကျော် ဘော့ ဒိုင်လန်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက နိုဘယ်လ်ဆုအတွက် အမေရိကန်ဒေါ်လာ ၉ သိန်း ချီးမြှင့်ခံရပေမယ့် စတော့ဟုမ်းမြို့တော်ကို သွားရောက်ရယူခဲ့ခြင်းလည်း မရှိသလို နိုဘယ်လ်ဆုရ မိန့်ခွန်းလည်း သွားရောက် ပြောကြားခဲ့ခြင်း မရှိပါဘူး။ တကယ်လို့ အခုနှစ် ဇွန်လအထိ နိုဘယ်လ်ဆုရမိန့်ခွန်း မပြောဘူးဆိုရင် ဆုအတွက် ချီးမြှင့်တဲ့ အမေရိကန်ဒေါ်လာ ၉ သိန်း စွန့်လွှတ်ရတော့မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ နိုဘယ်လ်ဆု ရွေးချယ်ချီးမြှင့်ရေး အကယ်ဒမီနဲ့ ဘော့ဒိုင်လန်တို့ သီးသန့် တွေ့ဆုံပြီး စတော့ဟုမ်းမြို့တော်မှာ ဂီတဖျော်ဖြေပွဲ ၂ ပွဲလည်း ကျင်းပမယ်၊ မိန့်ခွန်းကိုတော့ သူကိုယ်တိုင် မပေးပေမယ့် မိန့်ခွန်းဖိုင်ကို ပေးပို့မယ်လို့ ဆိုပါတယ်။ နိုဘယ်လ်ဆုအကယ်ဒမီ အမြဲတမ်းအတွင်းရေးမှူး ပါမောက္ခ ဆာရာ ဒယ်နီးယပ်စ် (Sara Danius) က အခုလာမယ့် ဧပြီ ၁ နဲ့ ၂ ရက်နေ့မှာ ဘော့ဒိုင်လန်ကိုယ်တိုင် ဆုလာယူမယ်ဆိုလို့ ဝမ်းသာတယ်၊ သူ့ရဲ့ဆန္ဒအတိုင်း ဆုချီးမြှင့်ပွဲကို အကျဉ်းရုံးကျင်းပပြီး မီဒီယာကိုလည်း ဖိတ်ကြားမှာ မဟုတ်ဘူး၊ သူ ပြောကြားထားပြီးသား မိန့်ခွန်းဖိုင် ပေးပို့သလိုပဲ ၂၀၁၃ ခုနှစ်ကလည်း ကနေဒါနိုင်ငံက စာပေနိုဘယ်လ်ဆုရှင် စာရေးဆရာမ အဲ့လေ့စ် မွန်ရို (Alice Munro) လည်း သူ့လိုပဲ မိန့်ခွန်းအသံဖိုင်ကို ပေးပို့ခဲ့ဖူးပါတယ်လို့ ပြောပါတယ်။
5 years Ago
Up