ဘော့စ်နီးယားဟာဇီဂိုးဗီးနား

July 10, 2018

သမိုင်းဝင် အစုအပြုံလိုက် လူသတ်မှုတွင် သေဆုံးခဲ့သူများ၏အလောင်း တင်လာသည့်ကား ဆာရာယေဗို ရောက်ရှိ

သမိုင်းဝင် စရီဘရီနီဆာ အစုအပြုံလိုက် လူသတ်မှုမှာ သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်း ၃၅ လောင်းကို တင်လာတဲ့ ကုန်ကားဟာ ဘော့စ်နီးယား ဟာဇီဂိုဗီးနားနိုင်ငံရဲ့ မြို့တော် ဆာရာယေဗိုရဲ့ အဓိကလမ်းပေါ်ကို ဇူလိုင် ၉ ရက်နေ့က ရောက်လာပါတယ်။ ကုန်ကားက သမ္မတရုံးရှေ့ ခဏတာရပ်နားချိန်မှာ ပြည်သူတွေက တိတ်တိတ်ဆိတ်ဆိတ် ဆုတောင်းပေးခဲ့ကြပါတယ်။ ကုန်ကားဟာ ခေါင်းတလားတွေကို တင်လာပြီး သူတို့ကိုမြှုပ်နှံမယ့် နေရာဆီ ပို့ဆောင်မှာပါ။ စုပေါင်းမြှုပ်နှံထားတဲ့ မြေပုံတွေထဲမှာ တွေ့ရတဲ့ အမျိုးသားတွေရဲ့ အလောင်းတွေကို ဒီအန်အေ မျိုးဗီဇ စစ်ဆေးအပြီး စရီဘရီနီဆာမြို့မှာပဲ ဇူလိုင် ၁၁ရက်နေ့ မြှုပ်နှံဖို့ စီစဉ်ထားပါတယ်။ အဲဒီနေ့ဟာ အစုလိုက် လူသတ်မှုဖြစ်ခဲ့တဲ့ ၂၃ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ဒီလူသတ်မှုအတွင်း လူ ၆၅၇၅ ဦး သေဆုံးခဲ့ပြီး နိုင်ငံတကာ တရားရုံးက လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့မှာ ဘော့စ်နီးယားအခြေစိုက် ဆာ့ဘ်လူမျိုးတွေက မွတ်စလင် လူများစုဖြစ်တဲ့ စရီဘရီနီဆာမြို့ကို ဝိုင်းခဲ့ပြီး မွတ်စလင်အမျိုးသား အယောက် ၈ ထောင်ကျော်ကို သတ်ဖြတ်ခဲ့လို့ ဒုတိယကမ္ဘာစစ်အပြီး ဥရောပရဲ့ အဆိုးဝါးဆုံး အစုလိုက် အပြုံလိုက် လူသတ်မှု ဖြစ်ခဲ့ပါတယ်။ ဝှက်ထားတဲ့ မြေပုံတွေကနေ အလောင်းတွေကို ပညာရှင်တွေက တူးဖော်နေရဆဲပါ။ ကျူးလွန်သူတွေက စစ်ရာဇဝတ်မှုသင့်မယ့် ဘေးကနေ ရှောင်ဖို့ အလောင်း အများအပြားကို အစိတ်စိတ် အမြွှာမြွှာလုပ်ခဲ့ပြီး တခုနဲ့တခု မိုင်ချီဝေးတဲ့ နေရာတွေမှာ မြှုပ်ခဲ့ပါတယ်။ ဒါကြောင့် တွေ့သမျှ အရိုးတွေကို ပညာရှင်တွေက မျိုးဗီဇ စစ်ဆေးနည်း သုံးပြီး တူရာ ပြန်စုခဲ့ရတာ ဖြစ်ပါတယ်။
3 years Ago
Up