ဘော့စနီးယား ခရိုအက် စစ်ရာဇဝတ်တရားခံ တရားခွင်တွင်း အဆိပ်သောက်သတ်သေ

November 30, 2017

ဘော့စနီးယား ခရိုအက် စစ်ရာဇဝတ်တရားခံ တရားခွင်တွင်း အဆိပ်သောက်သတ်သေ (ရုပ်သံ)

ဘော့စနီးယား ခရိုအက် စစ်ရာဇဝတ် တရားခံ အမျိုးသားတဦးဟာ သည်ဟေ့ဂ်မြို့မှ ကုလသမဂ္ဂ တရားရုံးတွင်း ပြစ်မှုကြားနာ စစ်ဆေးချိန်မှာ အဆိပ်သောက် သတ်သေသွားခဲ့တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အသက် ၇၂ နှစ်အရွယ် ဆလိုဘိုဒန် ပရာလ်ဂျက်ခ်ဟာ ၁၉၉၂ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်ကြား ဖြစ်ပွားခဲ့တဲ့ ဘော့စနီးယား ခရိုအက်လူမျိုးတွေနဲ့ ဘော့စနီးယား မွတ်ဆလင်လူမျိုးစုတွေကြား အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပါဝင်မှုအတွက် ဖမ်းဆီးစစ်ဆေးခံခဲ့ရတာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ထောင်ဒဏ်အနှစ် ၂၀ ကျခံစေဖို့ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့မှာတော့ တရားသူကြီးတွေက သူ့ကို မူလချမှတ်ထားတဲ့ ထောင်ဒဏ်အနှစ် ၂၀ ကို အတည်ပြုပြစ်ဒဏ်ချမှတ်ခဲ့ချိန်မှာ သူက သူဟာ ရာဇဝတ်ကောင် မဟုတ်ဘူးလို့ ဒေါသတကြီး အော်ဟစ်လိုက်ပြီး ပုလင်းတလုံးထဲမှ အဆိပ်လို့ ယူဆရတဲ့ အရည်တွေကို သောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်တော့ တရားရုံးတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရပြီး လူနာတင်ယာဉ်တွေနဲ့ အရေးပေါ်ရဟတ်ယာဉ်တွေ ရောက်ရှိလာကြပြီး သူ့ကို နီးစပ်ရာဆေးရုံဆီ ခေါ်ဆောင်သွားခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဘော့စနီးယား ခရိုအက်လူမျိုးတွေနဲ့ ဘော့စနီးယား မွတ်ဆလင်လူမျိုးစုတွေကြား အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် ခရိုအက် နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်ဟောင်း ၆ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး အယူခံဝင်ချိန်မှာ မူလပြစ်ဒဏ်အတိုင်း ချမှတ်ခဲ့တာလို့ ဆိုပါတယ်။ လက်ရှိမှာတော့ အသေးစိတ်အခြေအနေတွေကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up