ဘောလုံးအကယ်ဒမီ ၃ ခု

March 11, 2017

ဘောလုံးအကယ်ဒမီ ၃ ခုအတွက် ကစားသမား ၈၅ ဦး ရွေးမည်

ရန်ကုန်၊ မန္တလေးနဲ့ ပုသိမ်မြို့တို့မှာရှိတဲ့ ဘောလုံးအကယ်ဒမီတို့အတွက် ကစားသမား ၈၅ ဦးကို အခုလထဲ ရွေးချယ်သွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောပါတယ်။ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)၊ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)နဲ့ ပုသိမ် ဘောလုံး အကယ်ဒမီတို့အတွက် ကစားသမားရွေးချယ်ရေး အစီအစဉ်တွေ ဒီလထဲ စတင်တော့မှာဖြစ်လို့ ဆက်သွယ်မေးမြန်းနိုင်တဲ့ ဖုန်းနံပါတ်တွေကိုလည်း ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် ကစားသမားတွေရွေးချယ်မယ့် မြို့တွေနဲ့ အားကစားကွင်းတွေ၊ ရွေးချယ်မယ့် ရက်တွေကိုလည်း ဘောလုံးအဖွဲ့ချုပ်က တပါတည်း ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ ဘောလုံးအကယ်ဒမီကျောင်းတွေကို တက်ရောက်လိုတဲ့ အသက် ၁၁ နှစ်နဲ့ ၁၂ နှစ်အောက် အမျိုးသား လူငယ်တွေကို ကျောင်းပညာနဲ့ ဘောလုံးပညာတို့ကို တပြိုင်တည်း သင်ကြားပေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ဘောလုံးအကယ်ဒမီကျောင်းတွေမှာ ဘောလုံးပညာကို ပရော်ဖက်ရှင်နယ်ကစားသမားတဦးဖြစ်တဲ့ထိ လေ့ကျင့် သင်ကြားပေးသွားမယ်လို့ ပြောပါတယ်။ “ပရောက်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်တဲ့ထိ ပြုစု ပျိုးထောင်ပေးသွားမယ်၊ အဲ့ဒီကနေပြီးတော့ သူတို့အနေနဲ့ သူတို့ရဲ့ ကစားသမားဘ၀ကို ကလပ်အသင်းတွေက ခေါ်လို့ရှိရင် ဘယ်အသင်းကိုမဆို ပြောင်းလို့ရတယ်၊ ပြောင်းပြီးတော့ ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ရပ်တည်လို့ရမယ်။” ဘောလုံးအဖွဲ့ချုပ်က အဖွဲ့ ၄ ဖွဲ့ခွဲပြီး သတ်မှတ်ထားတဲ့မြို့ရှိ ဘောလုံးကွင်းတွေမှာ သွားရောက် ရွေးချယ်မှာ ဖြစ်ပါတယ်။ ကစားသမားရဲ့ ဘောလုံးစွမ်းရည်၊ အသင်းလိုက် ကစားတတ်မှုနဲ့ ကိယ်ခန္ဓာကြံ့ခိုင်မှုတို့ကို ကြည့်ပြီး ရွေးချယ်မှာဖြစ်ပြီး အကယ်ဒမီကျောင်းတက်ခွင့်ရရင် အခမဲ့ ဖြစ်ပါတယ်။ အထက်မြန်မာပြည်က ရွေးချယ်ခံရတဲ့ ကစားသမားတွေကို မန္တလေး၊ အောက်မြန်မာပြည်က ရွေးချယ်ခံရတဲ့ ကစားသမားတွေကို ရန်ကုန်နဲ့ ပုသိမ်တို့ရှိ အကယ်ဒမီတွေမှာ သင်ကြား လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။
5 years Ago
Up