ဘောလုံးအကယ်ဒမီများအတွက် ပဏာမကစားသမား ၂၀၀ ကို ကွင်းဆင်းရွေးချယ်မည်

April 5, 2017

ဘောလုံးအကယ်ဒမီများအတွက် လူငယ်ကစားသမား ၂၀၀ ကျော် လာရောက်ရွေးချယ်

ဘောလုံးအကယ်ဒမီတွေအတွက် လူငယ်ကစားသမား ရွေးချယ်ပွဲကို ဧပြီ ၅ ရက်နေ့က ရန်ကုန်မြို့မှာ စတင်ရွေးချယ်ခဲ့ပြီး ကစားသမား ၂၀၀ ကျော် လာရောက်ရွေးချယ်ခံခဲ့ပါတယ်။ အသက်ကန့်သတ်ချက်အဖြစ် ၁၂ နှစ်အောက် သတ်မှတ်ထားပြီး အောင်ဆန်းအားကစားကွင်းမှာ ခြေစွမ်းစမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာပါ။ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ကစားသမား ရွေးချယ်ပွဲဟာ ကစားသမားအများဆုံးဖြစ်ပြီး ခြေစွမ်းစမ်းသပ်မှု အသေးစိတ် မပြုလုပ်နိုင်ခဲ့တာကြောင့် ဧပြီ ၆ ရက်မှာ ဆက်လက်ရွေးချယ်သွားမှာပါ။ ဧပြီ ၆ ရက်နေ့မှာလည်း ကစားသမား ၄၀ ကျော် လာရောက်ရွေးချယ်ခံမှာဖြစ်ပြီး ဘောလုံးကျွမ်းကျင်မှုနဲ့ အသေးစားပြိုင်ပွဲတွေ ပြုလုပ်စေမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ လေ့ကျင့်ခန်းနဲ့ ပြိုင်ပွဲတွေ ပြုလုပ်အပြီးမှာ ထူးချွန်တဲ့ ကစားသမားတွေကို ပဏာမကစားသမားတွေအဖြစ် ရွေးချယ်မှာ ဖြစ်ပါတယ်။ လူငယ်ကစားသမား ရွေးချယ်ပွဲတွေကို ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်က စပြီး နိုင်ငံတဝန်းက မြို့ကြီး ၅၅ မြို့မှာ ရွေးချယ်ရေးအဖွဲ့ ၄ ဖွဲ့ခွဲပြီး သွားရောက်ရွေးချယ်နေတာပါ။ လက်ရှိအချိန်အထိ လူငယ်ကစားသမား စုစုပေါင်း ၁၃၀၀ ကျော် ရွေးချယ်ခံခဲ့တယ်လို့ သိရပါတယ်။ အဲဒီထဲကနေ ပဏာမ ကစားသမား၂၀၀ ရွေးချယ်မှာဖြစ်ပြီး နောက်ဆုံး အပြီးသတ်အဖြစ် အသက် ၁၁ နှစ်အောက် ကစားသမား ၇၀ ဦး၊ အသက် ၁၂ နှစ်အောက် ကစားသမား ၁၅ ဦး ရွေးချယ်မှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ ကစားသမား စုစုပေါင်း ၈၅ ဦးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဖွင့်လှစ်ထားတဲ့ ရန်ကုန်၊ မန္တလေးနဲ့ ပုသိမ် ဘောလုံးအကယ်ဒမီတွေမှာ လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - လွှမ်းမိုးအောင်
5 years Ago

March 3, 2017

ဘောလုံးအကယ်ဒမီများအတွက် ပဏာမကစားသမား ၂၀၀ ကို ကွင်းဆင်းရွေးချယ်မည်

ရန်ကုန်၊ မန္တလေးနဲ့ ပုသိမ်မြို့တွေက ဘောလုံးအကယ်ဒမီတွေမှာ ဘောလုံးပညာနဲ့ အတန်းပညာတွေ  တက်ရောက်သင်ယူခွင့်အတွက် ပဏာမကစားသမား ၂၀၀ ကို မြို့နယ် ၅၂ ခုကနေ ကွင်းဆင်းရွေးချယ်မှာဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းရရှိပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဖွင့်လှစ်ထားတဲ့ ဘောလုံးအကယ်ဒမီကျောင်းတွေ တက်ဖို့အတွက် မြန်မာတနိုင်ငံလုံးရှိ မြို့နယ် ၅၂ မြို့နယ်က အသက် ၁၁ နှစ်အောက်နဲ့ အသက် ၁၂ နှစ်အောက် ကလေးတွေကို ရွေးချယ်ရေးအဖွဲ့ လေးဖွဲ့ခွဲကာ ကွင်းဆင်းရွေးချယ်မှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။ ဒါကြောင့် အသက်မှန်ကန်တဲ့ ဘယ်သူမဆို လာရောက်အရွေးခံဖို့ ဖိတ်ခေါ်ချင်ကြောင်း ဆိုပါတယ်။ ပဏာမကစားသမား ၂၀၀ ထဲက နောက်ဆုံးအဆင့်မှာ အသက် ၁၁ နှစ်အောက် (ယူ-၁၁) ကစားသမား ၇၀  နဲ့ အသက် ၁၂ နှစ်အောက် ယူ-၁၂ ကစားသမား ၁၅ ယောက် စုစုပေါင်း ၈၅ ယောက် ရွေးချယ်မှာဖြစ်ပါတယ်။ လာရောက်ရွေးချယ်ခံမယ့် ကစားသမားတွေအနေနဲ့ မှတ်ပုံတင်၊ ကျောင်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်း၊ မွေးစာရင်းတို့ကို မှန်မှန်ကန်ကန် တင်ပြရမှာဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ မြို့နယ်တွေက အားကစာနဲ့ ကာယပညာရုံးတွေမှာ လျှောက်လွှာတွေ ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။
5 years Ago
Up