ဘောလုံးသမား

March 28, 2019

ဒိုင်လူကြီး မှားပေးသည့် ပယ်နယ်တီ ဘေးကန်ထုတ်ခဲ့သည့် ဘောလုံးသမားလေး ချီးကျူးခံရ (ရုပ်သံ)

တူရကီနိုင်ငံက အသက် ၁၄ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတခုမှာ ဒိုင်လူကြီးက ပယ်နယ်တီ မှားပေးခဲ့ပေမယ့် တမင် ဘေးကန်ထုတ်ခဲ့တဲ့ အသင်းခေါင်းဆောင်ကို ဝိုင်းချီးကျူးခဲ့ကြပါတယ်။ ဂါလာတာ ဆယ်ရိုင်အသင်းရဲ့ အသင်းခေါင်းဆောင် အသက် ၁၃ နှစ်အရွယ် ဘက်နက်ဇ် အာလ်မာဘေကို့ဗ်ဟာ တဖက်အသင်း နောက်ခံကစားသမားတဦးနဲ့ ထိပ်တိုက်တွေ့ချိန်မှာ ပယ်နယ်တီဧရိယာအတွင်း လဲကျသွားခဲ့ပါတယ်။ ဒိုင်လူကြီးက ဂါလာတာ ဆယ်ရိုင်အသင်းကို ပယ်နယ်တီကန်ခွင့် ပေးခဲ့ပေမယ့် သူက သဘောမတူခဲ့ပါဘူး။ အဲဒီအချိန်မှာ ဂါလာတာ ဆယ်ရိုင်အသင်းဟာ တဖက်အသင်း အစ္စတန်ဘူလ် စီပေါလ်ကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရနေတာကြောင့် သူက ပယ်နယ်တီကို တမင်သက်သက် ဘေးကို ကန်ထုတ်ခဲ့တာပါ။ မတ်လ ၂၄ ရက်နေ့က အစ္စတန်ဘူလ်မြို့မှာ ကစားခဲ့တဲ့ အဲဒီဘောလုံးပြိုင်ပွဲမှာ ဂါလာတာဆယ်ရိုင်အသင်းက အစ္စတန်ဘူလ်စီပေါလ်ကို သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
2 years Ago

March 21, 2019

ကိုလံဘီယာ ဘောလုံးသမားဟောင်း ဂျွန် ဗီယာဖာရာ မူးယစ်ဆေးမှောင်ခိုမှုဖြင့် ဖမ်းဆီးခံရ

ကိုလံဘီယာ ဘောလုံးသမားဟောင်း ဂျွန် ဗီယာဖာရာဟာ မူးယစ်ဆေးမှောင်ခိုကူးတဲ့ စွဲချက်တွေနဲ့ မတ်လ ၁၉ ရက်နေ့က အဖမ်းခံခဲ့ရပါတယ်။ ကိုလံဘီယာ အာဏာပိုင်တွေနဲ့ အမေရိကန် မူးယစ်နှိမ်နင်းရေးအဖွဲ့တို့ ပူးပေါင်းလှုပ်ရှားတဲ့ စီမံကိန်း တစိတ်တပိုင်းအတွင်း အသက် ၄၀ အရွယ် ဂျွန် ဗီယာဖာရာကို ကာလီမြို့မှာ ဖမ်းမိခဲ့တာပါ။ ဂျွန် ဗီယာဖာရာဟာ ခလန်ဒယ်ဂိုလ်ဖို မူးယစ်မှောင်ခိုအဖွဲ့ထဲမှာ ပါဝင်ပတ်သက်နေပြီး  ကိုကင်းတန်ပေါင်းများစွာကို ပင်လယ်ရေကြောင်းကတဆင့် အမေရိကန်နိုင်ငံကို တင်ပို့ခဲ့တယ်လို့ စွဲချက်တင်ထားပါတယ်။ ဂျွန် ဗီယာဖာရာနဲ့ နောက်ထပ် သံသယရှိသူ လေးယောက်အနေနဲ့ တက္ကဆက်ပြည်နယ်မှာ အမှုရင်ဆိုင်ဖို့ ပြစ်မှုကျူးလွန်ရာ အမေရိကန်ကို ပြန်ပို့ဖို့ အမေရိကန် အာဏာပိုင်တွေက တောင်းဆိုခဲ့ပါတယ်။ ဂျွန် ဗီယာဖာရာဟာ လက်တင်အမေရိကန် ထိပ်တန်းအသင်းတသင်းဖြစ်တဲ့ Once Caldas မှာ ကစားခဲ့ပြီး အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်နဲ့ ပို့စ်မောက် စတဲ့အသင်းတွေမှာ ကစားခဲ့ပါတယ်။
2 years Ago
More News
Up