ဘောလုံး

December 11, 2018

အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲ ဘောလုံးပွဲစဉ် မြန်မာ ၂ - ၁ စင်ကာပူ

၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲအဖြစ် မြန်မာအသင်းနဲ့ စင်ကာပူအသင်းတို့ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းက ယှဉ်ပြိုင်ရာ မြန်မာအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အိမ်ရှင် မြန်မာအသင်း နိုင်ပွဲစရခဲ့ပြီး ဗိုလ်လုပွဲတက်ခွင့်ရရေး မျှော်လင့်ချက်တွေ ရှင်သန်သွားပါတယ်။ ဒီပွဲမှာ မြန်မာအသင်းက နောက်ကနေ လိုက်ကစားခဲ့ရပြီး ပွဲပြီးခါနီး သွင်းယူတဲ့ ဂိုးတွေနဲ့ အနိုင်ရတာပါ။ ပွဲချိန် ၅၅ မိနစ်မှာ စင်ကာပူအသင်းခေါင်းဆောင် နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပေမယ့် မြန်မာအသင်း အသာမယူနိုင်ဘဲ ဦးဆောင်ဂိုးကိုလည်း စင်ကာပူကပဲ ရသွားခဲ့ပြီး ပွဲချိန် ၆၂ မှာ သွင်းယူခဲ့တာပါ။ အဖွင့်ဂိုး ပေးလိုက်ရပြီးနောက် မြန်မာအသင်း တိုက်စစ်ဆင်ကစားခဲ့ပြီး ချေပဂိုးကို ပွဲချိန် ၈၄ မှာ တိုက်စစ်မှူး တာရာတင်သိန်း၊ အနိုင်ဂိုးကို ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ အသင်းခေါင်းဆောင် နေမျိုးထွေးတို့က သွင်းယူပေးခဲ့ပါတယ်။ မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ လာအိုအသင်းနဲ့ တဂိုးစီ သရေကျထားတဲ့အတွက် နှစ်ပွဲကစားပြီးချိန်မှာ ရမှတ် ၄ မှတ်နဲ့ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ မြန်မာအသင်းပါဝင်တဲ့ အုပ်စုမှာ ထိုင်းအသင်းက နှစ်ပွဲကစား ခြောက်မှတ်နဲ့ ဦးဆောင်နေပြီး လာအိုအသင်းက တပွဲကစား တမှတ်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။ တပွဲကစားထားတဲ့ မလေးရှားအသင်းနဲ့ နှစ်ပွဲကစားထားတဲ့ စင်ကာပူအသင်းကတော့ အမှတ်မရသေးပါဘူး။ မြန်မာအသင်းဟာ အုပ်စု တတိယပွဲစဉ်အဖြစ် မလေးရှားအသင်းနဲ့ လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
3 years Ago

August 21, 2018

အာဆီယံအသင်းများ အာရှအားကစားပြိုင်ပွဲ ဘောလုံးရှုံးထွက်အဆင့်သို့ တက်ရောက်

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံး လက်ကျန်ပွဲစဉ်တွေကို မနေ့က ယှဉ်ပြိုင်ကစားခဲ့ရာမှာ အာဆီယံဒေသတွင်းက ဗီယက်နမ်၊ မလေးရှားနဲ့ အိမ်ရှင် အင်ဒိုနီးရှားတို့ အုပ်စုပထမနေရာတွေကနေ ရှုံးထွက်အဆင့် တက်ရောက်သွားပါတယ်။ အိမ်ရှင် အင်ဒိုနီးရှားအသင်းဟာ အုပ်စု အေ မှာ ပါလက်စတိုင်း၊ ဟောင်ကောင်၊ လာအို၊ ထိုင်ဝမ်တို့နဲ့ အတူကျရောက်ခဲ့ပြီး အုပ်စုတွင်း ၄ ပွဲ ယှဉ်ပြိုင်ခဲ့ရာမှာ ၃ ပွဲနိုင်၊ ၁ ပွဲရှုံး ရမှတ် ၉ မှတ်နဲ့ အုပ်စု ပထမနေရာကနေ နောက်တဆင့် တက်ရောက်သွားတာပါ။ ပါလက်စတိုင်းက ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရမှတ် ၈ မှတ်နဲ့ အုပ်စု ဒုတိယရပြီး နောက်တဆင့်တက်သွားပါတယ်။ ဗီယက်နမ်အသင်းကတော့ အာရှထိပ်သီး ဂျပန်၊ ပါကစ္စတန်၊ နီပေါတို့နဲ့ အုပ်စု ဒီ မှာ ပါဝင်ခဲ့ပြီး အုပ်စုတွင်း ၃ ပွဲစလုံးနိုင်၊ ရမှတ် ၉ မှတ်နဲ့ ထိပ်သီး ဂျပန်အသင်းကို ကျော်ဖြတ်ကာ အုပ်စုပထမနေရာကနေ နောက်တဆင့် တက်ရောက်နိုင်ခဲ့တာပါ။ ဂျပန်အသင်းကတော့ ၂ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၆ မှတ်နဲ့ အုပ်စု ဒုတိယနေရာကနေ နောက်တဆင့် တက်သွားပါတယ်။ မလေးရှားအသင်းဟာ အုပ်စု အီး မှာ တောင်ကိုရီးယား၊ ဘာရိန်း၊ ကာဂျစ္စတန်တို့နဲ့ ကျရောက်ခဲ့ပြီး အာရှထိပ်သီး တောင်ကိုရီးယားနဲ့အတူတူ ၂ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ၆ မှတ်စီ ရခဲ့ပေမယ့် ဂိုးကွာခြားချက်အသာစီးရပြီး ထိပ်သီး တောင်ကိုရီးယားကို ကျော်ဖြတ်ကာ အုပ်စု ပထမနေရာ ရခဲ့ပါတယ်။ တောင်ကိုရီးယားကလည်း အုပ်စုဒုတိယနေရာကနေ ရှုံးထွက်အဆင့်ကို တက်ရောက်ပါတယ်။ အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲကို အသင်း ၂၅ သင်း ပါဝင်ပြီး ၅ သင်း တအုပ်စုနဲ့ ၄ သင်း ငါးအုပ်စုခွဲပြီး ယှဉ်ပြိုင်ခဲ့တာပါ။ တခြားအုပ်စုတွေဖြစ်တဲ့ အုပ်စု ဘီ မှာ ဥဇဘက်ကစ္စတန်က အုပ်စု ပထမ၊ ဘင်္ဂလားဒေ့ရှ်က အုပ်စု ဒုတိယ ရခဲ့ပါတယ်။ အုပ်စု စီ မှာတော့ တရုတ်အသင်းက အုပ်စု ပထမ၊ ဆီးရီးယားက အုပ်စု ဒုတိယနဲ့ ရပ်တည်ခဲ့ပါတယ်။ အုပ်စု အက်ဖ် မှာတော့ အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေဗျနဲ့ မြန်မာတို့ ပါဝင်ခဲ့ပြီး အသင်းအားလုံး ရမှတ် ၄ မှတ်စီ တူညီခဲ့ပေမယ့် ဂိုးကွာခြားချက်အရ အီရန်က အုပ်စု ပထမ၊ မြောက်ကိုရီးယားက အုပ်စု ဒုတိယမှာ အသီးသီး ရပ်တည်နိုင်ခဲ့ပါတယ်။ ၁၆ သင်း ရှုံးထွက်အဆင့်ကို အုပ်စု တခုစီက ပထမနဲ့ ဒုတိယရတဲ့ အသင်း ၁၂ အသင်းနဲ့ အကောင်းဆုံး အုပ်စု တတိယရ အသင်း ၄ သင်းဖြစ်တဲ့ ဟောင်ကောင်၊ ဆော်ဒီ၊ ဘာရိန်းနဲ့ ယူအေအီးတို့ တက်ရောက်နိုင်ခဲ့ပါတယ်။ ရှုံးထွက်ပွဲစဉ်တွေကို လာမယ့် သြဂုတ် ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ယှဉ်ပြိုင်မှာဖြစ်ပြီး ၂၃ ရက်နေ့မှာတော့ ပါလက်စတိုင်း-ဆီးရီးယား၊ ဗီယက်နမ်-ဘာရိန်း၊ ဥဇဘက်ကစ္စတန်-ဟောင်ကောင်နဲ့ အီရန်-တောင်ကိုရီးယားတို့ တွေ့ဆုံယှဉ်ပြိုင်ကြမှာပါ။ သြဂုတ် ၂၄ ရက်နေ့မှာတော့ တရုတ်-ဆော်ဒီအာရေဗျ၊ မလေးရှား-ဂျပန်၊ အင်ဒိုနီးရှား-ယူအေအီးနဲ့ ဘင်္ဂလားဒေ့ရှ်-မြောက်ကိုရီးယားတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
3 years Ago
More News
Up