ဘောလိဝုဒ်

June 19, 2019

ကြည့်ရှုသူ ၅၄ သန်းကျော်ရှိနေသည့် ဘောလိဝုဒ် အချစ်ဒရာမာရုပ်ရှင် - Kabir Singh (နမူနာ)

ဟင်ဒီစကားပြော အိန္ဒိယရုပ်ရှင်ကားတကားဖြစ်တဲ့ Kabir Singh ရုပ်ရှင်ကို လာမယ့် ဇွန်လ ၂၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ အချစ်ဒရာမာ ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ အိန္ဒိယ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Cine1 Studios နဲ့ T-Series တို့ ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ Sandeep Vanga က ရိုက်ကူး ပုံဖော်ပေးထားပါတယ်။ ဒီရုပ်ရှင်ကားဟာ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Sandeep Vanga ကပဲ ရိုက်ကူးခဲ့တဲ့ Telugu ဘာသာစကားပြော Arjun Reddy ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးခဲ့တာပါ။ ဒီကားထဲက အဓိကဇာတ်ကောင် Kabir Singh ဟာ ဆရာဝန်တယောက်ဖြစ်ပြီး ချစ်သူကောင်မလေးက တခြားအမျိုးသားတယောက်နဲ့ လက်ထပ်ဖို့ ဖိအားပေးခံရပြီး ကွဲကွာရချိန်မှာ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ အရက်သောက်၊ မူးယစ်ဆေးစွဲ၊ ပေတေလေလွင့်တဲ့ သူတယောက်အဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်ထားခဲ့တာကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ဘဝကို သူ အပျက်စီးခံပေမယ့် ဆေးပညာရပ်ဆိုင်ရာ သူ့ရဲ့ Profession အပေါ်မှာတော့ လေးစားစိတ်နဲ့ တကန့်စီထားရှိပြီး စိတ်ခံစားမှုကြောင့် ကောင်းဆိုးနှစ်တန် ဖြစ်တတ်တဲ့ သဘောသဘာဝတွေကိုပါ မီးမောင်းထိုး ရိုက်ကူးထားပါတယ်။ ကြာမြင့်ချိန် ၁၅၂ မိနစ်ရှိတဲ့ ဒီကားထဲမှာတော့ အိန္ဒိယ သရုပ်ဆောင်မင်းသား မင်းသမီး ၂ ဦးဖြစ်တဲ့ Shahid Kapoor နဲ့ Kiara Advani တို့က အတွဲညီညီ ခေါင်းဆောင် ပါဝင်ထားကြပါတယ်။ အချစ်၊ အလွမ်း၊ ဒရာမာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမယ့် ဒီရုပ်ရှင်ကားထဲမှာတော့ ဘောလိဝုဒ် ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ဇာတ်ဝင်တေး ၉ ပုဒ်အထိ ထည့်သွင်းထားခဲ့တာပါ။ ပြီးခဲ့တဲ့ ရုံတင်ဇာတ်ကား Arjun Reddy ရုပ်ရှင်ဟာ ရုံတင်ဝင်ငွေ စံချိန်တင် ရရှိခဲ့တာမို့ ခုအသစ်ထွက်ရှိလာတဲ့ ရုပ်ရှင်ကားကိုလည်း ပရိသတ်တွေက စိတ်ဝင်စားမှုတွေ မြင့်တက်နေကြပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား နမူနာဟာ ယူကျုပေါ်မှာတော့ တလအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅၄ သန်းကျော် ရှိနေပါတယ်။
2 years Ago

June 4, 2019

ဘောလိဝုဒ်စတား ဆယ်လ်မန်ခန်း ခေါင်းဆောင်ပါဝင်သည့် ရုပ်ရှင် - Bharat (နမူနာ)

ဘောလိဝုဒ်စတား ဆယ်လ်မန်ခန်း (Salman Khan) ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Bharat ရုပ်ရှင်ကို လာမယ့် ဇွန်လ ၅ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဘောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေဖြစ်ကြတဲ့ Reel Life Productions၊ Salman Khan Films နဲ့ T-Series တို့ ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး အိန္ဒိယ ရုပ်ရှင်ဒါရိုက်တာ Ali Abbas Zafar က ရိုက်ကူး ပုံဖော်ပေးထားပါတယ်။ ဒီကားဟာ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နာမည်ကြီး ကိုရီးယားရုပ်ရှင်ကားတကားဖြစ်တဲ့ Ode to My Father ရုပ်ရှင်ကားကို ပြန်လည်ပုံဖော် ရိုက်ကူးထားခဲ့တာပါ။ မူရင်း ကိုရီးယားရုပ်ရှင်ကားထဲမှာတော့ မြောက်ကိုရီးယား စစ်ပွဲကာလအတွင်းမှာ မိသားစုတွေ ကွဲကွာသွားခဲ့ရပြီး မိသားစုအတွက် သူ့ဘဝတလျှောက်လုံး စွန့်လွှတ် အနစ်နာခံ ပေးဆပ်သွားတဲ့ လူငယ်တယောက်အကြောင်း ရိုက်ကူးထားတာပါ။ ခု ဘောလိဝုဒ်ရုပ်ရှင်အဖြစ် ပုံဖော်ဖန်တီးထားတဲ့ Bharat ရုပ်ရှင်ကားထဲမှာတော့ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံ စတင်ပြိုကွဲခဲ့ချိန်ကစပြီး အိန္ဒိယနိုင်ငံရေးနဲ့ ပြည်သူတွေရဲ့ ဘဝအခြေအတွေနဲ့ ရိုက်ကူးထားခဲ့တာမို့ ပရိသတ်တွေ ပုံစံတမျိုးနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၅၅ မိနစ်ရှိတဲ့ ဒီကားထဲမှာတော့ ဘောလိဝုဒ် နာမည်ကြီး သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Salman Khan၊ Katrina Kaif တို့နဲ့အတူ တခြား သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြပါတယ်။ အစပိုင်းတုန်းကတော့ ဒီကားထဲမှာ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ ဘောလိဝုဒ်မင်းသမီး Priyanka Chopra ခေါင်းဆောင်ပါဝင်မယ်လို့ ကြေညာထားခဲ့ပေမယ့် သူ့ရဲ့ မင်္ဂလာပွဲကိစ္စကြောင့် မပါဝင်နိုင်ဘဲ သူ့နေရာမှာ Katrina Kaif က ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဘောလိဝုဒ်ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း ဒီရုပ်ရှင်ကားထဲမှာ ဇာတ်ဝင်သီချင်း ၉ ပုဒ်ထိ ထည့်သွင်းထားပါတယ်။ မူရင်း ကိုရီးယားရုပ်ရှင်ကား Ode to My Father ဟာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ပြီး အောင်မြင်ခဲ့တာမို့ ခုထွက်ရှိလာတဲ့ ဘောလိဝုဒ်ရုပ်ရှင် Bharat ကရော စံချိန်တင်နိုင်မလား ဆိုတာကိုလည်း စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
2 years Ago
More News
Up