ဘောရစ်ဂျွန်ဆင်

July 25, 2019

ဗြိတိန်ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်ကို ဆန့်ကျင်ဆန္ဒပြ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ဇူလိုင် ၂၄ ရက်က ဆန္ဒပြသူတွေ ရာချီစုဝေးပြီး  ဗြိတိန်ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ လန်ဒန်မြို့လယ်ခေါင်မှာ စုဝေးပြီး ဒေါင်းနင်းလမ်းကို ချီတက်ခဲ့ကြတာပါ။ ချီတက်ပွဲ လမ်းကြောင်းတလျှောက် ရဲတပ်ဖွဲ့ဝင်တွေကလည်း လုံခြုံရေး ယူထားပါတယ်။ ဘောရစ်ဂျွန်ဆင်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တာဟာ အန္တရာယ်များတယ်လို့ ဆန္ဒပြသူတချို့က ဝေဖန်ကြပြီး တချို့ကလည်း ဘောရစ်ဂျွန်ဆင်ဟာ ယုံကြည်ရသူမဟုတ်ဘူး၊ ဝန်ကြီးချုပ် မဖြစ်သင့်ဘူးလို့ ပြောကြပါတယ်။ ဘောရစ်ဂျွန်ဆင်ဟာ ဗုဒ္ဓဟူးနေ့က ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်ဆီ သွားရောက်တွေ့ဆုံခဲ့ပြီးနောက် ထရီဆာမေဆီကနေ ဗြိတိန်ဝန်ကြီးချုပ်ရာထူးကို တရားဝင် လွှဲပြောင်းရယူခဲ့ပါတယ်။ ဥရောပသမဂ္ဂ (အီးယူ) ကနေ ဗြိတိန်နိုင်ငံ ခွဲထွက်ရေးကို ဦးဆောင်သွားမယ်လို့ ဝန်ကြီးချုပ်ရာထူး ရယူအပြီး ပထမဆုံးမိန့်ခွန်းမှာ ဘောရစ်ဂျွန်ဆင်က ကတိပြုခဲ့ပါတယ်။
2 years Ago

ဘောရစ်ဂျွန်ဆင်ကို ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်

ဗြိတိန်ဝန်ကြီးချုပ်အသစ်အဖြစ် ဘောရစ်ဂျွန်ဆင်ကို ဇူလိုင် ၂၃ ရက်က ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်က အစိုးရဖွဲ့ဖို့ တရားဝင် တာဝန်ပေးတာနဲ့ တပြိုင်နက် ဘောရစ်ဂျွန်ဆင်ဟာ ဝန်ကြီးချုပ် ဖြစ်လာမှာပါ။ သူဟာ အောက်တိုဘာ ၃၁ ရက်မှာ နောက်ဆုံးထားပြီး ဥရောပသမဂ္ဂကနေ ဗြိတိန် ခွဲထွက်ရေး ဘရက်ဇစ်ကို ဦးဆောင်ဖို့ အချိန် ၃ လ ရထားပါတယ်။ ဘရက်ဇစ်အရေး သဘောတူညီချက် ရသည်ဖြစ်စေ မရသည်ဖြစ်စေ ဥရောပသမဂ္ဂကနေ နုတ်ထွက်မယ်လို့ သူက ကတိပေးထားပါတယ်။ သင်္ကြန်အမြောက်လို့ နာမည်ကြီးတဲ့ ဘောရစ်ဂျွန်ဆင်ဟာ ပြိုင်ဘက် ဂျယ်ရမီဟန့်တ်ကို မဲစုစုပေါင်းရဲ့ ၃ ပုံ ၂ ပုံနဲ့ အလွယ်တကူ အနိုင်ရခဲ့တာပါ။ သူ ဝန်ကြီးချုပ်ဖြစ်လာမယ့်အပေါ် ဒေသခံအားလုံးက အကောင်းမြင်စိတ်နဲ့ ကြိုဆိုတာတော့ မဟုတ်ပါဘူး။ ဝေါ်ဆက်စတာ ဒေသခံတယောက်က "ပြောတဲ့အတိုင်းလုပ်ရင်တော့ ကောင်းတာပေါ့၊ ဒီလူက စကားတည်လား၊ သတင်းတွေ ရေဒီယိုတွေမှာ ပေးတဲ့ကတိတိုင်းကို တည်လားဆိုတဲ့အပေါ် မူတည်မှာပဲ၊ စောင့်ကြည့်ရမှာပဲ" လို့ ပြောပါတယ်။ ဒေသခံ နောက်တယောက်ကလည်း "ဒီလူ့ပါးစပ်က ထွက်သမျှ စကားတိုင်းကို မယုံနိုင်ဘူး၊ ဒီလူကတော့ မစွံပါဘူး" လို့ ပြောပါတယ်။ ဗြိတိန်အခြေစိုက် မေရာ အွန်လိုင်းသတင်းဌာနကတော့ ဘောရစ်ဂျွန်ဆင်ရဲ့ အလွဲအမှား အလိမ်အညာ ၃၇ ချက်ကို စာရင်းပြုစုပြီး ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
2 years Ago

June 27, 2019

မည်သည့်နည်းနှင့်မဆို အီးယူမှ ဗြိတိန် ခွဲထွက်မည်ဟု ဘောရစ်ဂျွန်ဆင် ပြတ်ပြတ်သားသား ပြော

ဗြိတိန်ဝန်ကြီးချုပ်အဖြစ် တစ်ပြေးနေသူ ဘောရစ်ဂျွန်ဆင်က အောက်တိုဘာ ၃၁ ရက်နေ့ကျရင် ဘယ်နည်းနဲ့မဆို အီးယူကနေ ဗြိတိန် ခွဲထွက်မယ်လို့ ပြတ်ပြတ်သားသား ပြောလိုက်ပါတယ်။ ဘောရစ်ဂျွန်ဆင်ရဲ့ ပြတ်သားတဲ့ မှတ်ချက်စကားကို ဇွန်လ ၂၅ ရက်ထုတ်   ဗြိတိန်သတင်းစာ မျက်နှာဖုံးတွေမှာ ဖော်ပြခဲ့ပြီး ဒါဟာ ပြိုင်ဘက် ဂျရယ်မီဟန့်အနေနဲ့ အလားတူ မှတ်ချက်စကားမျိုးပေးဖို့ စိန်ခေါ်မှု ဖြစ်စေပါတယ်။ ဘရက်ဇစ်ထောက်ခံသူတွေ တိုက်တွန်းချက်အရ ဂျွန်ဆင်ဟာ ဝန်ကြီးချုပ်ရာထူး မဲဆွယ်ပွဲမှာ ဗြိတိန် ခွဲထွက်မယ့်နေ့အဖြစ် အောက်တိုဘာ ၃၁ ရက်နေ့ကို ရွေးချယ်ခဲ့ပါတယ်။ ရေဒီိယိုအင်တာဗျူးတခုမှာ အောက်တိုဘာ ၃၁ ရက်နေ့ကျရင် အမှန်တကယ် အီးယူက နုတ်ထွက်မှာလားဆိုတဲ့ မေးခွန်းကို ဂျွန်ဆင်က ဖြေပေးခဲ့တာပါ။ အီးယူ အင်အားကြီးလာမှာကို ကြောက်တဲ့ အီယန် ဒန်ကန်စမစ်ကို နောက်ဆုံးအဆင့်  မဲဆွယ်ပွဲ ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်တဲ့သတင်းဟာ ဂျွန်ဆင်ရဲ့ ပြတ်သားတဲ့ ရပ်တည်ချက်ကို ထပ်ပြီး အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ ဂျွန်ဆင်ဟာ သဘောတူညီချက်ရပြီးမှ အီးယူကနေ ခွဲထွက်တာကို ပိုမိုလိုလားပေမယ့် ဗြိတိန်အနေနဲ့ သဘောတူညီချက်မရဘဲ ခွဲထွက်ဖို့ အသင့်ရှိနေတာကို ပြပြီး ပြန်လည်ညှိနှိုင်းဖို့ အီးယူကို စည်းရုံးနိုင်မယ်လို့ ယုံကြည်နေပါတယ်။
2 years Ago
Up