ဘေဂျင်းမြို့လယ်ရှိ တရားမဝင်အဆောက်အအုံများ ဖျက်ဆီးမည်

January 25, 2018

ဘေဂျင်းမြို့လယ်ရှိ တရားမဝင်အဆောက်အအုံများ ဖျက်ဆီးမည်

ဘေဂျင်းမြို့လယ်ထဲက စတုရန်းမိုင် ၁၅ မိုင်ကျော်အတွင်း ဆောက်လုပ်ထားတဲ့ တရားမဝင်အဆောက်အအုံတွေကို ဖြိုချဖျက်ဆီးမယ်လို့ ဘေဂျင်းမြို့တော်ဝန်က ပြောလိုက်ပါတယ်။ ဘေဂျင်းမြို့ထဲက တရားမ၀င်ဆောက်လုပ်ထားတဲ့ အဆောက်အအုံနဲ့ စက်ရုံတွေကို ဖြိုဖျက်ပြီး အဲဒီမှာနေထိုင်သူတွေအား ပြောင်းရွှေ့မယ့်အစီအစဉ်ကို ဘေဂျင်းမြို့ ယာယီမြို့တော်ဝန်က ဇန်န၀ါရီ ၂၄ ရက်က ပြုလုပ်တဲ့ မြို့တော်စည်ပင်သာယာ အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။ “တရားမဝင် အဆောက်အအုံတွေ လုံးဝမရှိအောင် ကျနော်တို့ လုပ်သွားပါမယ်။ လူနေကြာတဲ့ မြို့တွင်းနေရာတွေမှာ ကောင်းမွန်တဲ့ အဆောက်အအုံတွေ တိုးလာအောင်လည်း အထူးပညာပေးသွားဖို့ ရှိပါတယ်။ တရားမဝင်ဆိုင်တွေ ထပ်မဖွင့်အောင်လည်း ပညာပေးပါမယ်။ ကောင်ကင်ဓာတ်ကြိုးတွေကို မြေအောက်မှာ ပြန်တပ်ဆင်ရေး၊ ကြော်ငြာဆိုင်းဘုတ်တွေ စည်းကမ်းနဲ့အညီတင်ရေး လုပ်ပါမယ်။ မြို့တော်အလယ်ပိုင်းက လမ်းပေါင်း ၆၁၅ လမ်းနဲ့ နောက်ဖေးလမ်းကြားတွေ အမြင်ကောင်းအောင် လုပ်သွားမှာပါ” လို့ ယာယီမြို့တော်ဝန် ချန်းကျီနန်းက ပြောပါတယ်။ ဘေဂျင်းမြို့တော်အစိုးရဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အခုအကျယ်အဝန်းလောက်မှာရှိတဲ့ တရားမဝင် ဆောက်လုပ်မှုတွေကို ဖြိုဖျက်သွားမယ်လို့ ပြောခဲ့ပေမယ့် သတ်မှတ်ချက်အတိုင်း လုပ်နိုင်ခဲ့တာ ရှိ/မရှိကိုတော့  မြို့တော်ဝန်က ထည့်မပြောခဲ့ပါဘူး။ ဘေဂျင်းမြို့မှာ လူသေဆုံးတဲ့ မီးလောင်မှုတခုအပြီး ဘေးကင်းမှုစံနှုန်း မြှင့်တင်မှုတွေလုပ်ခဲ့လို့ တရားမဝင် အဆောက်အအုံတွေ ဖြိုချတာနဲ့ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နှင်ထုတ်တာတွေ လုပ်ခဲ့ပါတယ်။ ဒီလိုနှင်ထုတ်တာတွေဟာ အခြေခံလူတန်းစားတွေကို မမျှမတ ဆက်ဆံတာလို့ဆိုပြီး တရုတ်ပညာတတ်တွေ၊ ကျောင်းသားတွေနဲ့ သတင်းသမားတွေက အစိုးရကို ဝေဖန်ခဲ့ကြပါတယ်။
3 years Ago
Up