ဘေကျင်း လေထုညစ်ညမ်းသည့်ရက်အတွင်း ဥပဒေချိုးဖောက်သည့်ကားများ ဒဏ်ကြေးကောက်မည်

December 24, 2015

ဘေကျင်း လေထုညစ်ညမ်းသည့်ရက်အတွင်း ဥပဒေချိုးဖောက်သည့်ကားများ ဒဏ်ကြေးကောက်မည်

တရုတ်နိုင်ငံ ဘေကျင်းမြို့တော်မှာ လေထုညစ်ညမ်းမှု အနီရောင်အဆင့် သတ်မှတ်ခဲ့တဲ့ ရက်တွေအတွင်း ကားမမောင်းရဥပဒေ ချိုးဖောက်ခဲ့တဲ့ ယာဉ်တွေဆီက အမေရိကန်ဒေါ်လာ ၁ သန်းခွဲ ဒဏ်ကြေးကောက်ခံမယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ကြေညာပါတယ်။ ဘေကျင်းမြို့တော် လေထုညစ်ညမ်းမှု အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အနီရောင်အဆင့် ၄ ရက်တာ ပြဋ္ဌာန်းခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့က ပြန်ရုပ်သိမ်းတာပါ။ ဘေကျင်းမြို့တော်မှာ ဒီဇင်ဘာ ၂၃ ရက်နေ့က မိုးခိုးမြူဖုံးအုပ်မှု သက်သာလာပေမယ့် ရှန်ဟိုင်းမြို့မှာတော့ အခြေအနေ ဆိုးနေသေးတယ်လို့ ဆိုပါတယ်။ ဘေကျင်းမြို့တော် လေထုညစ်ညမ်းခဲ့တဲ့ ၄ ရက်အတွင်း ကားနံပါတ် စုံဂဏန်း၊ မဂဏန်းအလိုက် တရက်ခြားပဲ ကားမောင်းခွင့်ပြုခဲ့တာမှာ ကားအစီးရေ ၁၁၃,၀၀၀ လောက် ဥပဒေ မလိုက်နာခဲ့ကြပါဘူး။ ကျန်းမာရေးထိခိုက်နိုင်လောက်အောင် လေထုညစ်ညမ်းခဲ့တဲ့အတွက် ဒီဇင်ဘာလဆန်းပိုင်းတခါ၊ လွန်ခဲ့တဲ့ ၅ ရက်က တခါ အနီရောင်အဆင့် သတ်မှတ်ခဲ့ရပြီး ဘေကျင်းမြို့တော်မှာ အနီရောင်အဆင့်ကို ပထမဆုံး သတ်မှတ်ခဲ့ကြရတာပါ။ အရင်နှစ်တွေတုန်းကလည်း လေထုညစ်ညမ်းမှုတွေ အခုလိုအခြေအနေမျိုး ဖြစ်ခဲ့ပေမယ့် အာဏာပိုင်တွေက သတိပေးထုတ်ပြန်တာ၊ အန္တရာယ်ရှိအဆင့် သတ်မှတ်ချက်တွေ မထုတ်ပြန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကို ပြစ်တင်ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ဘေကျင်းမြို့တော်မှာ ကားအစီးရေ ၅ ဒသမ ၆ သန်းလောက်ရှိပြီး ကားသုံးစွဲမှု အများဆုံး မြို့တော်တွေထဲမှာ ပါဝင်ပါတယ်။ အဲ့ဒီထဲက ၄  ဒသမ ၃ သန်းကျော်ကတော့ ကိုယ်ပိုင်ကား၊ အိမ်စီးကားတွေ ဖြစ်ကြပါတယ်။
6 years Ago
Up