ဖွေးဖွေး

December 18, 2018

စိုင်းစိုင်းခမ်းလှိုင်နှင့် ဖွေးဖွေးတို့ ခေါင်းဆောင်ပါဝင်သည့် ရည်းစားတစ်ဝမ်းကွဲ ရုပ်ရှင် (နမူနာ)

မြန်မာအချစ်ဟာသရုပ်ရှင်ကားတကားဖြစ်တဲ့ ရည်းစားတစ်ဝမ်းကွဲ ရုပ်ရှင်ကားကို လာမယ့် ဒီဇင်ဘာ ၂၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ Frenzo နဲ့ Heart & Soul ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဆုမြတ်မွန်မွန်ရဲ့  ဝတ္ထုကို ညာလက်တော်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားဟာ လွန်ခဲ့တဲ့ ၄ နှစ်ကျော်လောက်ကတည်းက ရိုက်ကူးထားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာမှ ရုံတင်ပြသနိုင်ခဲ့တာ ဖြစ်ပေမယ့် အဓိကသရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်နဲ့ ဖွေးဖွေး အမာခံပရိသတ်တွေကြားမှာတော့ ရေပန်းစားနေခဲ့တဲ့ ဇာတ်ကားတကားပါ။ သူငယ်ချင်းလည်းမက ရည်းစားလည်းမကျတဲ့ အခြေအနေနဲ့ ဒီကားထဲမှာ စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေးတို့နဲ့အတူ မြနှင်းရည်လွင်နဲ့ တခြားသရုပ်ဆောင်တွေက ဘယ်လို အချစ်ဟာသဆန်ဆန် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ သရုပ်ဆောင်ထားကြမလဲ ဆိုတာကိုတော့ ပရိသတ်တွေ မကြာခင် ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲက ဇာတ်ဝင်သီချင်းကိုတော့ Myanmar Idol တေးသံရှင် အဆိုတော် ပိုးမီက သီဆိုထားတာ ဖြစ်ပါတယ်။ ရည်းစားတစ်ဝမ်းကွဲ ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က ရန်ကုန်မြို့ Junction City မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကား နမူနာဟာလည်း ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းခွဲနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။
3 years Ago

November 13, 2018

ကြည့်ရှုသူ ၂ သန်းကျော်ရှိနေသည့် မုန်းစွဲရုပ်ရှင်ကား (နမူနာ)

ဖြစ်ရပ်မှန် တရားတော်တပုဒ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးပုံဖော်ထားတဲ့ မုန်းစွဲရုပ်ရှင်ကားကို လာမယ့် နိုဝင်ဘာ ၁၆ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး လွင်မင်းအံ့ရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ သြရသက ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားတဲ့ အသေလှတဲ့သူ အမည်ရတဲ့ ဖြစ်ရပ်မှန်တရားတော်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ‘ချစ်စွဲ မုန်းစွဲ’ နဲ့ သေပြီးတော့ လူအဖြစ်ဝင်စားတဲ့အခါမှာ မုန်းစိတ်က အရမ်းစွဲလမ်းနေပြီး မုန်းစွဲစိတ်နဲ့ လူဝင်စားဖြစ်ချိန်မှာ ဒုက္ခများရတဲ့အကြောင်းတွေ၊  အဓိက,ကတော့ ဘဝကို ချစ်ခြင်း၊ မုန်းခြင်း ကင်းကင်းနဲ့ ရှေ့ဆက်ဖို့ လိုတဲ့အကြောင်း၊ လက်ရှိဘ၀မှာရော၊ သံသရာမှာရော အစွဲအလမ်း မကြီးသင့်တဲ့အကြောင်း၊ အမုန်းတရားတွေ ကင်းစင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဇာတ်လမ်းကို ဘယ်လိုပုံဖော်ရိုက်ကူးထားမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နာမည်ကြီး သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ နေတိုး၊ ကျော်ကျော်ဗို၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းတို့နဲ့အတူ မကြာခင်ကမှ ကွယ်လွန်သွားခဲ့တဲ့ သရုပ်ဆောင်မင်းသား မင်းသွေးလည်း ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။ မုန်းစွဲရုပ်ရှင်ကားဟာ ထွက်မလာခင်ကတည်းက ပရိသတ်တွေကြားမှာ နာမည် ကြီးနေခဲ့တာဖြစ်ပြီး ရုပ်ရှင်အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
3 years Ago
Up