ဖျော်ဖြေရေးစီမံကိန်း

March 20, 2019

ဖျော်ဖြေရေးစီမံကိန်း ၄ ခု ဆောင်ရွက်သွားမည်ဟု ဆော်ဒီဘုရင် ကြေညာ

ဆော်ဒီအာရေဗျဘုရင် ဆယ်လ်မန်ဟာ မြို့တော် ရီယာ့ဒ်မှာ ဖျော်ဖြေရေးစီမံကိန်းလေးခုကို စတင် ဆောင်ရွက်သွားမယ်လို့ နိုင်ငံပိုင်မီဒီယာ SPA က မတ်လ ၁၉ ရက်နေ့မှာ ကြေညာပါတယ်။ အဲဒီစီမံကိန်းလေးခုဟာ အမေရိကန်ဒေါ်လာ ၂၃ ဘီလျံ တန်ဖိုးရှိပြီး ပန်းခြံ၊ အားကစားကွင်းတွေနဲ့ လေဟာပြင် အနုပညာစင်တာတွေ ဖွင့်လှစ်သွားမှာပါ။ အဆင့်မြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဲဒီစီမံကိန်းတွေဟာ ဘုရင်ကြီးရဲ့ သားဖြစ်သူ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ကို အားပေးထောက်ပံ့တဲ့ လက္ခဏာလို့ မီဒီယာတွေက သုံးသပ်ပါတယ်။ တူရကီနိုင်ငံက ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ဆော်ဒီနိုင်ငံဖွား သတင်းစာဆရာ ဂျမဲလ် ခါရှာဂီ ၂၀၁၈ အောက်တိုဘာလက အသတ်ခံရပြီးနောက် ဆော်ဒီအာရေဗျဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပြစ်တင်ရှုတ်ချတာ ခံခဲ့ရပါတယ်။ အိမ်ရှေ့မင်းသားဟာလည်း အဲဒီလူသတ်မှုမှာ ပါဝင်နေတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ဒါ့အပြင် အမျိုးသမီး တက်ကြွလှုပ်ရှားသူ ၁၀ ဦးကို ဖမ်းဆီးခဲ့တဲ့ ကိစ္စမှာလည်း အိမ်ရှေ့မင်းသားနဲ့ ဆော်ဒီနိုင်ငံဟာ ဝေဖန်ရှုတ်ချခံခဲ့ရပါသေးတယ်။ ဖျော်ဖြေရေး စီမံကိန်းလေးခုဟာ လက်ရှိမှာ ဒီဇိုင်းပုံကြမ်း ရေးဆွဲထားပြီး ၂၀၁၉ နှစ်လယ်မှာ လက်တွေ့အကောင်အထည် ဖော်သွားမယ်လို့ SPA သတင်းဌာနက အစီရင်ခံပါတယ်။
3 years Ago
Up