ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် ကျားသားရေနဲ့ တခြား သားရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေကို တရားမ၀င်ရောင်းချခဲ့တဲ့ ဆယ်ကျော်သက်မိန်းကလေးတဦးကို ထိုင်းရဲတွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။
သူ့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှတဆင့် ခုလိုရောင်းချနေတယ်ဆိုတဲ့ သတင်းအရ ရဲတွေက စီးနင်းရှာဖွေခဲ့ရာမှ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ဖမ်းမိခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
အသက် ၁၈ နှစ်အရွယ် တမွန်ဝမ် ပရွန်ဘတ်ဟာ ထိုင်းနိုင်ငံ၊ ဟွာမောင်ဒေသမှာ နေထိုင်သူဖြစ်ပြီး ရဲတွေ စီးနင်းရှာဖွေချိန်မှာ နေအိမ်အတွင်း နံရံမှာ ချိတ်ဆွဲထားတဲ့ အရှည် ၁၃၄ စင်တီမီတာကနေ ၁၆၀ စင်တီမီတာထိရှိတဲ့ ကျားသားရေတွေနဲ့အတူ တခြား တိရစ္ဆာန်အစိတ်အပိုင်းတွေဖြစ်တဲ့ ကျားသွား ၂ စုံ၊ သမင်ဦးချို တစုံကိုလည်း လက်ရဖမ်းမိခဲ့တာပါ။
ပန်တမွန်ဝမ်အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးဟာ ဒီအကောင့်ကနေတဆင့် တရားမ၀င် သားရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေကို ရောင်းချနေတယ်လို့ အမည်မဖော်လိုသူတဦးက ရဲတွေကို အကြောင်းကြားခဲ့တာပါ။
ရဲတွေ စီးနင်းရှာဖွေချိန်မှာတော့ အဲဒီမိန်းကလေးဟာ နေအိမ်မှာ ရှိမနေခဲ့ဘဲ မိဘတွေသာ ရှိနေခဲ့တာဖြစ်ပြီး ဒီပစ္စည်းတွေဟာ သူတို့ရဲ့သမီးဖြစ်သူ ပိုင်ဆိုင်တာဖြစ်တယ်လို့ သူတို့က ပြောခဲ့တာပါ။
အဲဒီနောက်မှာတော့ အဆိုပါမိန်းကလေးကိုပါ ဖမ်းဆီးနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။
သူဟာ တရားမ၀င် သားရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေ လက်ဝယ်ထားရှိမှုနဲ့ ရောင်းဝယ်ဖောက်ကားမှုအတွက် ထောင်ဒဏ် ၄ နှစ်အထိဖြစ်စေ၊ ဒဏ်ကြေးငွေ ဘတ် ၄ သောင်းထိဖြစ်စေ ကျခံရမှာ ဖြစ်ပါတယ်။
6 years Ago