ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက်ထူထောင်သူ စီအီးအို ဇူကာဘတ်က ဖေ့စ်ဘွတ်ခ်ပေါ်မှာ သတင်းမှား၊ သတင်းတုတွေ ပျံ့နှံ့တာတွေကို တားဆီးဖယ်ရှားနိုင်မယ့် အစီအစဉ်တွေကို ချပြခဲ့ပါတယ်။
အခုနှစ် အေပက်စီးပွားရေးထိပ်သီး ညီလာခံ တက်ရောက်ရင်း ပီးရူးနိုင်ငံ၊ လီမာမြို့တော်မှာ ပြောဆိုခဲ့တာပါ။
ပြီးခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဖေ့စ်ဘွတ်ခ် သတင်းမှားတွေကြောင့် ရွေးကောက်ပွဲရလဒ် အဖြေပြောင်းခဲ့တယ်ဆိုပြီး တချို့ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေက ပြစ်တင်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
အခုလို ဖေ့စ်ဘွတ်ခ်မှာ သတင်းတု၊ သတင်းမှားတွေ ထိထိရောက်ရောက် တားဆီးမယ့် အစီအစဉ်ကို ဇူကာဘတ်က ပြောပြခဲ့ပြီး ဒီသတင်းတွေ တိတိကျကျ စုံစမ်း၊ အတည်ပြုဖို့ နည်းလမ်းတွေလည်း ပါဝင်ပါတယ်။
ဇူကာဘတ်က ဒီသတင်းမှားတွေ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့တာနဲ့ပတ်သက်လို့ ဖေ့စ်ဘွတ်ခ်မှာ သတင်း ၉၉ ရာခိုင်နှုန်းဟာ စစ်မှန်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
အခုတော့ ဒီပြဿနာကို ဖေ့စ်ဘွတ်ခ်က ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ရှာဖွေနေတာ ကြာပြီဖြစ်ပြီး ဒါကို အလေးအနက်လည်း ထားတယ်လို့ ဇူကာဘတ်က ပြောပါတယ်။
ဒီကိစ္စဟာ ဖြေရှင်းနိုင်ဖို့ နည်းလမ်းအရ၊ အတွေးအခေါ် အယူအဆအရပါ ခက်ခဲနက်နဲတယ်လို့ ပြောပါတယ်။
6 years Ago