ဖေ့စ်ဘွတ်ခ်လိုက်ဖ်လွှင့်ပြီး တံတားပေါ်မှ ခုန်ချသေကြောင်းကြံသည့် မိန်းကလေးအလောင်း တွေ့ရှိ

January 5, 2018

ဖေ့စ်ဘွတ်ခ်လိုက်ဖ်လွှင့်ပြီး တံတားပေါ်မှ ခုန်ချသေကြောင်းကြံသည့် မိန်းကလေးအလောင်း တွေ့ရှိ

ထိုင်းနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်ပေါ်မှ တိုက်ရိုက်လိုက်ဖ်လွှင့်ပြီး တံတားတစင်းပေါ်မှ ခုန်ချ သေကြောင်းကြံစည်ခဲ့တဲ့ မိန်းကလေးတဦးရဲ့ အလောင်းကို ၂ ရက်အကြာမှာ မြစ်အတွင်း ပြန်လည်တွေ့ရှိခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ် နီတရာဆဝပ်စ်ဒီဝမ် အမည်ရတဲ့ အဲဒီမိန်းကလေးဟာ ဘန်ကောက်မြို့ ရာမ-၇ တံတားပေါ်ကနေ ဇန်နဝါရီ ၂ ရက်နေ့ မနက်ခင်းအစောပိုင်းမှာ ခုန်ချခဲ့တာပါ။ ရေတပ်တာဝန်ရှိသူတွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးသမားတွေဟာ သူ့ရဲ့အလောင်းကို အရေးပေါ် ရှာဖွေကယ်ဆယ်နိုင်ဖို့ ကြိုးစားခဲ့ကြပြီး ကျောက်ဖယားမြစ်ထဲမှာ ဇန်နဝါရီ ၄ ရက်နေ့မှာမှ  ပြန်လည်တွေ့ရှိခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့ဗျူရိုမှ ဒုတိယရဲချုပ် ဆွမ်ဖောင် ချင်ဒူဝမ်က အခုတွေ့ရှိရတဲ့ အလောင်းပေါ်မှ အဝတ်အစားတွေနဲ့ သေကြောင်းကြံစည်ခဲ့သူ မိန်းကလေးရဲ့ အမှတ်အသားတွေ တူညီနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သေဆုံးသူမိန်းကလေးနဲ့ ပတ်သက်ပြီး နောက်ထပ် အတည်ပြုချက်တွေ ရနိုင်ဖို့ ဆီရိရာဂျာဆေးရုံဆီ ပို့ဆောင်စစ်ဆေးထားတယ်လို့ သူက ပြောပါတယ်။ ဒီအဖြစ်အပျက်ကို မိန်းကလေးက ပတ္ထရာဒနိုင်း နွန်ဆီရ်နာ့တ် အမည်ရတဲ့ ဆိုင်ကယ်တက္ကဆီ သမားတဦးကို ဘတ်ငွေ ၅၀၀ ပေးပြီး ရိုက်ယူခိုင်းခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် သူကတော့ ဒါကို သေကြောင်းကြံစည်မှု ဖြစ်လိမ့်မယ်လို့ မထင်မိခဲ့ဘဲ မနက်ခင်းအစောပိုင်းမှာ လှပတဲ့ ရှုမျှော်ခင်းကို ရိုက်ပြချင်တာဖြစ်မယ်လို့ ထင်ခဲ့မိကြောင်း ရဲတွေကို ပြောပါတယ်။
3 years Ago
Up