ဖေ့စ်ဘွတ်ကို အကျိုးရှိစွာသုံးသည့် ရွှေ့ပြောင်းအလုပ်သမားကြောင့် ထိုင်းရဲအတု ဖမ်းမိ

June 20, 2015

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအတွက် တီဗွီလိုင်းဖွင့်

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေ သတင်းအချက်အလက် ပိုမိုရရှိရေးအတွက် ပုဂ္ဂလိက တီဗွီလိုင်းတခု စတင်ဖွင့်လှစ်လိုက်ပါတယ်။ အထူးသဖြင့် ဘန်ကောက်နဲ့ အနီးတ၀ိုက်က မြန်မာရွှေ့ပြောင်းသမားတွေအနေနဲ့ အန်ဂျီအို (အစိုးရမဟုတ်သောအဖွဲ့)၊ စီဘီအို (လူမှုအခြေပြုအဖွဲ့) တွေဆီကနေ လိုအပ်တဲ့ အချက်အလက်ရရှိမှု  အားနည်းနေသေးတာကြောင့် သတင်းအချက်အလက်တွေ ပိုမိုထိရောက်ဖို့  မြန်မာ-ထိုင်း ချစ်ကြည်ရေးလိုင်း (MTF Channel) အစီအစဉ်ကို စတင်လိုက်တာလို့ MTF ကုမ္ပဏီမန်နေဂျာ ခွန်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။ “ရွှေ့ပြောင်းအလုပ်သမားတွေ သိသင့်သိထိုက်တဲ့ ထိုင်းသတင်းတွေကို မြန်မာလို ပြန်ကြေညာတယ်။ နောက်ပြီးတော့ ထိုင်း-မြန်မာအစိုးရ ဥပဒေအပြောင်းအလဲတွေ အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ဟာကို ကျနော်တို့ ကြေညာပေးတယ်။ ဒီလိုင်းကို ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ပြီး ထုတ်လွှင့်နိုင်ဖို့ လွန်ခဲ့တဲ့ ၅ လလောက်ကတည်းက ပြင်ဆင်ခဲ့ပါတယ်။  ဒီဇွန်လဆန်းက စပြီး စမ်းသပ်ထုတ်လွှင့်နေပါတယ်။” ဒီအစီအစဉ်ကို စတင်ထူထောင်သူမှာ မြန်မာနိုင်ငံသား ၄ ဦးနဲ့  ထိုင်းရှေ့နေများကောင်စီ အဖွဲ့ဝင်တွေပါ ပါဝင်ပြီး မတည်ငွေ ဘတ် ၄ သန်းကို အဖွဲ့ဝင် ၇ ဦးက အစုရှယ်ယာ ထည့်ဝင်ကြတယ်လို့ သူကဆက်ပြောပါတယ်။ လောလောဆယ် ထွက်ငွေသာရှိပြီး ၀င်ငွေမရှိသေးပေမယ့် နောက်နောင် အစီအစဉ်ကို တိုးမြှင့်ပြီးတဲ့အခါ ကြော်ငာတွေကနေ ၀င်ငွေပြန်ရမယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ အစီအစဉ်တိုးမြှင့်ဖို့ ၀န်ထမ်းတွေလည်း လိုအပ်လျက်ရှိပြီး လျှောက်ထားသူမှာ အဓိက ထိုင်း-မြန်မာ ၂ ဘာသာကို ကောင်းစွာ ဘာသာပြန်ဆိုနိုင်သူ၊ တက္ကသိုလ်မှ ဘွဲ့ရပြီးသူ၊ နိုင်ငံကူးလက်မှတ်ရှိသူနဲ့ ကုမ္ပဏီမှာ အလုပ်ရရင် စီးပွားရေးဗီဇာနဲ့ နေခွင့်ရရေးပါ ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။ လစာမှာ အစမ်းခန့်ကာလ ၃ လအတွင်း တလ ဘတ် ၁ သောင်း ၅ ထောင်၊ အတည်ခန့်လိုက်ရင် တလ ဘတ် ၂ သောင်းခွဲပေးမယ်လို့ ခွန်ဝင်းက ပြောပါတယ်။ MTF ရုပ်မြင်သံကြားအစီအစဉ်ကို ထိုင်းနိုင်ငံမှာ ဒီဂျစ်တယ်လ် လိုင်းနံပါတ် (ချန်နယ်လ်) ၆၆ မှ ဖမ်းယူကြည့်ရှုနိုင်သလို ဖေ့စ်ဘုတ်စာမျက်နှာ  https://www.facebook.com/mtftv?fref=ts (MTF Channel) ကနေလည်း ဝေဖန်အကြံပေးနိုင်တယ်လို့ ဆိုပါတယ်။ ချန်နယ်လ် ၆၆ မှာ မြန်မာဘာသာတမျိုးတည်းသာ ထုတ်လွှင့်ပြီး သတင်းအပြင် မြန်မာ့ရုပ်ရှင်၊ တီဗွီဇာတ်လမ်းတွဲ၊ တေးသီချင်းတွေပါ ပြသပေးနေတယ်လို့ ကုမ္ပဏီမန်နေဂျာက ပြောသွားပါတယ်။
6 years Ago

June 5, 2015

အမ်အိုယူ ရွှေ့ပြောင်းအလုပ်သမား ပြဿ နာများ ဖြေရှင်းစေလို

ထိုင်းနိုင်ငံထဲကို နှစ်နိုင်ငံ သဘောတူစာချွန်လွှာ (အမ်အိုယူ) စနစ်နဲ့ ရောက်ရှိလာတဲ့ အလုပ်သမားတွေအနေနဲ့ သူတို့ရင်ဆိုင်ရတဲ့ ပြဿ နာ အခက်အခဲတွေကို သက်ဆိုင်ရာက သိရှိဖြေရှင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဇွန် ၄ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးမှာ ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ပြီး မြန်မာပြည်ပြန်လာတဲ့ အမ်အိုယူ ရွှေ့ပြောင်းအလုပ်သမားတွေက သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး တောင်းဆိုလိုက်တာပါ။ ထိုင်းနိုင်ငံထဲ ရောက်သွားတဲ့အခါ စာချုပ်ထဲပါတဲ့ အလုပ်အတိုင်း မလုပ်ရတာ၊ နေရာတွေ ပြောင်းသွားတာ၊ အခက်အခဲကြုံရတဲ့အခါ ပွဲစားက တာဝန်ယူဖြေရှင်းပေးတာ မရှိတဲ့အပြင် မြန်မာသံအရာရှိတွေရဲ့ ခြိမ်းခြောက်ငေါက်ငမ်းတာတွေ ခံခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ရန်ကုန်တိုင်း လှိုင်သာယာက ရွှေ့ပြောင်းအလုပ်သမား  မသန်းသန်းပြုံးက ထိုင်းနိုင်ငံမှာ အလုပ်ရဖို့ ကုမ္ပဏီတခုကို ကျပ်ငွေ ၄ သိန်းပေးခဲ့ရပေမယ့် ၂ လအတွင်း ဒုက္ခမျိုးစုံ ကြုံခဲ့ရတယ်လို့ ပြောပါတယ်။ “ကျမတို့အသုတ်က ၂၄ ယောက်ပေါ့။ ပြောတုန်းကတော့ သောက်ရေသန့်စက်ရုံမှာတဲ့။ တကယ်ရောက်သွားတော့ ပစ္စည်းအဟောင်းရွေးတဲ့နေရာ၊ အမှိုက်တွေနဲ့ ညစ်ညစ်ပတ်ပတ် လုပ်ရတဲ့နေရာကို ရောက်သွားတယ်။ အလုပ်လုပ်ပြီးတော့လည်း ရေတခါချိုးရဖို့ အကြာကြီး စောင့်ရတယ်။ ဘုံဘိုင်က နည်းနည်းချင်းပဲ ကျတယ်။ လုပ်အားခက တနေ့ ၃၀၀ ပေးမယ်ပြောပြီး ၁၀၀၊ ၁၅၀ ပဲရတယ်။ အလုပ် ခဏခဏနားတော့ အဲဒါလည်း အပြည့်မရပြန်ဘူး။ ဟင်းဆိုလည်း ကန်စွန်းရွက်ပဲ ခူးစားရတယ်။ ဒီကြားထဲ မိုးကယိုသေးတယ်။ သံရုံးအရာရှိ ဦးသိန်းနိုင် လာကြည့်တယ်။ ကျမတို့ ဒုက္ခရောက်နေတဲ့အကြောင်းပြောတော့ သူက ကုမ္ပဏီဘက်ကနေပြီး ကျမတို့ကို ပြန်ငေါက်သေးတယ်။ အစကတည်းက ဒီလိုလုပ်ရမယ်ဆိုတာကို ပြောထားဖို့၊ ဒီလိုပြဿနာကို အစိုးရက ဘယ်လိုဥပဒေနဲ့ ဖြေရှင်းပေးမလဲလို့ မေးတာ အစိုးရကို ထိခိုက်လို့တဲ့ ဖမ်းချုပ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။” လို့ ပြောပါတယ်။ နောက်ဆုံး အကြွေးတင်ပြီး ဒုက္ခရောက်နေတုန်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ်နဲ့  အဆက်သွယ်ရပြီး အကူအညီပေးတဲ့အတွက်  ရန်ကုန်ကို ပြန်လာနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။ မန္တလေးတိုင်း မြင်းခြံကနေ ထိုင်းနိုင်ငံကို သွားရောက်ခဲ့သူ တဦးကလည်း  စာချုပ်ထဲပါတဲ့ ထိုင်းကုမ္ပဏီဆိုတာ အမှန်တကယ်မရှိဘဲ ဒုက္ခရောက်ခဲ့ရပုံတွေကို ပြောကြားသွားပါတယ်။ မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံကို  တရားဝင် အလုပ်သွားရောက် လုပ်ကိုင်နိုင်ဖို့အတွက်  အလုပ်သမားစေလွှတ်ရေး သဘောတူချက် စာချွန်လွှာ (အမ်အိုယူ)  အစီအစဉ်ကို နှစ်နိုင်ငံ အစိုးရတွေ သဘောတူ လုပ်ဆောင်နေတာပါ။ လတ်တလော တိုင်းနိုင်ငံမှာ အမ်အိုယူ အစီအစဉ်နဲ့ သွားရောက် လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားပေါင်း ၂ သိန်းကျော်ရှိတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ချုပ် (အမ်အေတီ) က ခန့်မှန်းပါတယ်။
7 years Ago
Up