ဖော်မြူလာဝမ်း

November 9, 2018

ဖော်မြူလာဝမ်း ပြိုင်ပွဲအရေအတွက် တိုးလာပါက နုတ်ထွက်မည်ဟု လူးဝစ်ဟာမီလ်တန် ခြိမ်းခြောက်

ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲသာ ပြိုင်ပွဲအရေအတွက် ၂၅ ပွဲထိ ဖြစ်လာခဲ့မယ်ဆိုရင် ပြိုင်ပွဲကနေ နုတ်ထွက်မယ်လို့ ကမ္ဘာ့ချန်ပီယံ ၅ ကြိမ်ရရှိဖို့ အခြေအနေကောင်းနေတဲ့  ဗြိတိန် ပြိုင်ကားမောင်းသမား လူးဝစ်ဟာမီလ်တန်က ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ ဖော်မြူလာဝမ်းပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးနဲ့ အမြင့်ဆုံး ကားမောင်းပြိုင်ပွဲဖြစ်ပြီး အနာဂတ်မှာ ပြိုင်ပွဲကို ကမ္ဘာအရပ်ရပ်မှာ ကျင်းပလာနိုင်ရေးအတွက် ဥက္ကဋ္ဌဖြစ်သူ အက်ကလက်စတုန်းက ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံပေါင်း ၂၁ နိုင်ငံမှာ ကျင်းပနေတဲ့ အဲဒီပြိုင်ပွဲကို လာမယ့် ၂၀၂၀ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းနဲ့ အမေရိကန်နိုင်ငံ မီယာမီတို့မှာ ထပ်တိုးကျင်းပနိုင်ဖို့ သေချာသလောက် ရှိနေပါတယ်။ ပြိုင်ပွဲ ၂၅ ပွဲထိ တိုးချဲ့ကျင်းပမယ့် သတင်းထွက်ပေါ်လာချိန်မှာတော့ ဟာမီလ်တန်က ပြိုင်ပွဲတွေများတာဟာ ကောင်းတဲ့အလားအလာလို့ မမြင်ကြောင်း၊ သူ့အနေနဲ့ ကားမောင်းပြိုင်ပွဲ ဝင်ရတာကို နှစ်သက်ပေမယ့် အကြောင်းပြချက်တခုဖြစ်တဲ့ မိသားစုနဲ့ အဝေးမှာ အကြာကြီးရှိနေရမှာကို မလိုလားကြောင်း ပြောကြားခဲ့ပါတယ်။ ဟာမီလ်တန်ဟာ လက်ရှိ မာစီးဒီးအသင်းမှာ မောင်းနှင်နေပြီး ၅ ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဆုကို အောင်ပွဲခံရယူဖို့ နီးစပ်နေပါတယ်။ ဖော်မြူလာဝမ်း သမိုင်းတလျှောက် မိုက်ကယ်ရှူးမေကာကတော့ ကမ္ဘာ့ချန်ပီယံဘွဲ့ကို ၇ ကြိမ်ထိ အများဆုံးရရှိထားပါတယ်။
3 years Ago

March 26, 2018

ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲတွင် ဗက်တဲလ်က ၃ ကြိမ်မြောက် ချန်ပီယံဆု ရယူ

မနေ့ကယှဉ်ပြိုင်ခဲ့တဲ့ သြစတြေးလျ ဂရင်းပရီ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲမှာ ဖာရီယာအသင်းမှ ဗက်တဲလ်က ဟာမီလ်တန်ကို ကျော်ဖြတ်ပြီး ၃ ကြိမ်မြောက် ချန်ပီယံဆု ရယူသွားပါတယ်။ ဒီပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်မှာ ဖာရီယာ၊ မာစီးဒီး၊ ရက်ဒ်ဘူး၊ ရီနက်သ် စတဲ့အသင်းတွေက ကားမောင်းသမား ၂၀ ဦး ဝင်ပြိုင်ခဲ့တာဖြစ်ပြီး ဖာရီယာအသင်းမှ ဗက်တဲလ်က ပထမနေရာကနေ ပန်းဝင်နိုင်ခဲ့တာပါ။ လူးဝစ်ဟာမီလ်တန်အနေနဲ့ အစပိုင်းမှာ ကောင်းမွန်တဲ့ပုံစံနဲ့ ထိန်းချုပ်မောင်းနှင်နိုင်ခဲ့ပေမယ့် မိမိက ကံကောင်းခဲ့ပြီး အခွင့်အရေးကို အရယူနိုင်ခဲ့တာကြောင့် အခုလို အနိုင်ရခဲ့တာဖြစ်တယ်လို့ ဂျာမန်ကစားသမား ဗက်တဲလ်က ပြောပါတယ်။ ဒီပွဲမှာ ဖာရီယာအသင်းက နောက်ထပ်ကားမောင်းသမားတဦးဖြစ်တဲ့ ဖင်လန်ကရိတ်ကွန်နမ်က တတိယနေရာကနေ ပန်းဝင်ခဲ့ပါတယ်။ သြးစတြေးလျ ဂရင်းပရီမှာ ချန်ပီယံဆုရခဲ့တာဟာ ဗက်တဲလ်အတွက် ၃ ကြိမ်မြောက် သြစတြေးလျ ဂရင်းပရီချန်ပီယံဆုဖြစ်ပြီး သြစတြေးလျအိုးပင်းမှာ တတိယမြောက် အအောင်မြင်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
4 years Ago
Up