ဖောက်ပြန်သည့်ခင်ပွန်းကို သေနတ်သမားငှားရမ်း လုပ်ကြံခိုင်းသည့် ကျောင်းဆရာမ ဖမ်းဆီးခံရ

February 20, 2017

ဖောက်ပြန်သည့်ခင်ပွန်းကို သေနတ်သမားငှားရမ်း လုပ်ကြံခိုင်းသည့် ကျောင်းဆရာမ ဖမ်းဆီးခံရ

မိန်းကလေးတဦးနဲ့ ဖောက်ပြန်နေပြီး လှည့်စားခဲ့တဲ့ ခင်ပွန်းဖြစ်သူကို သေနတ်သမား ၂ ဦး ငှားရမ်းကာ ပစ်သတ်လုပ်ကြံခိုင်းခဲ့တဲ့ ကျောင်းဆရာမတဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ၊ နာခွန်ဆီရိ သမရတ်တ်ခရိုင်၊ သောင်ဆုန်ဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဖြစ်ခဲ့တာလို့ ထိုင်းဘာသာနဲ့ထုတ်ဝေတဲ့ ထိုင်းရတ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အသတ်ခံရသူ အသက် ၆၁ နှစ်အရွယ် ဝီချိုင် ဆိဒ်ရော့တ်ဟာ အဲဒီနေ့မနက်ပိုင်း ၈ နာရီလောက်က ဇနီးဖြစ်သူကို ဆိုင်ကယ်နဲ့ ကျောင်းကိုလိုက်ပို့ပြီး အိမ်အပြန်မှာ နောက်ကျောကို သေနတ်နဲ့  ၃ ချက် ပစ်ခံခဲ့ရတာပါ။ သူအပြန်မှာ နောက်က ဆိုင်ကယ်နဲ့လိုက်လာတဲ့ လူ ၂ ဦးဟာ သွေးအေးအေးနဲ့ ပစ်ခဲ့ကြတာဖြစ်ပြီး သူတို့ဟာ ဒေသခံတွေဖြစ်နိုင်တယ်ဆိုပြီး ရဲတွေက ရှာဖွေနေခဲ့ကြတာပါ။ ရဲတွေဟာ တရားခံတွေကို ရှာဖွေဖို့ ဇနီးဖြစ်သူ အသက် ၅၅ နှစ်အရွယ် ရေဝတီ ဆိဒ်ရော့တ်ကိုလည်း လိုအပ်တဲ့ စုံစမ်းမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ကြချိန်မှာ သူက ငိုကြွေးပြီး ခင်ပွန်းဖြစ်သူကို သတ်ဖို့ သေနတ်သမား ၂ ဦး ငှားရမ်းခဲ့တယ်လို့ ဝန်ခံထွက်ဆိုခဲ့တာပါ။ ခင်ပွန်းဖြစ်သူဟာ သူ့ကိုဖုံးကွယ်ပြီး မိန်းကလေးငယ်တဦးနဲ့ ဖောက်ပြန်တဲ့အတွက် ခုလိုလုပ်ခဲ့ရတာလို့ သူက ဆိုပါတယ်။ သူဟာ သေနတ်သမားတွေကို ဘတ်ငွေ ၁ သိန်းခွဲပေးမယ်ဆိုပြီး ငှားရမ်းကာ သတ်ခိုင်းခဲ့တာဖြစ်ပြီး ကနဦး ဘတ်ငွေ ၁ သောင်း ၇ ထောင်ကို ပေးချေပြီး ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် နောက်ထပ်ကျန်ရှိနေတဲ့ ငွေကို မပေးရသေးခင်မှာပဲ သေနတ်သမားတဦးဖြစ်တဲ့ အသက် ၃၉ နှစ်အရွယ် အာရွန်ဒက်ခ်ျ ဂျန်ပရမ်ကို ဖမ်းဆီးနိုင်ခဲ့ပြီး သူကတော့ ဒီဖြစ်စဉ်မှာ မပါဝင်ခဲ့ဘူးလို့ ငြင်းဆိုပါတယ်။ လက်ရှိမှာတော့ အဲဒီကျောင်းဆရာမကိုရော သေနတ်သမားကိုပါ ဖမ်းဆီးထားပြီး လိုအပ်တဲ့ အရေးယူမှုတွေ လုပ်နိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up