ဖောက်ခွဲရေးပစ္စည်းများ တင်ထားပြီး ကဘူးမြို့ထဲဝင်ရန် ကြိုးစားသည့် ထရပ်ကားအား ဖမ်းဆီး

October 16, 2017

ဖောက်ခွဲရေးပစ္စည်းများ တင်ထားပြီး ကဘူးမြို့ထဲဝင်ရန် ကြိုးစားသည့် ထရပ်ကားအား ဖမ်းဆီး

အာဖဂန်နစ္စတန်နိုင်ငံမှာ အောက်တိုဘာ ၁၅ ရက်က ကဘူးမြို့တော်ထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တဲ့ ဖောက်ခွဲရေးပစ္စည်း ကီလိုဂရမ် ၂၅၀၀ တင်ဆောင်ထားတဲ့ ထရပ်ကားတစင်းကို ဖမ်းဆီးရမိခဲ့ပါတယ်။ ကဘူးမြို့အဝင် စစ်ဆေးရေးဂိတ်မှာ ထရပ်ကားတစီးကို ရပ်တန့်စစ်ဆေးရာ ခရမ်းချဉ်သီးတွေနဲ့ ဖုံးအုပ်ထားတဲ့ ဖောက်ခွဲရေးပစ္စည်း ကီလိုဂရမ် ၂၅၀၀ ကျော်ကို တွေ့ရှိခဲ့တာပါ။ ဖောက်ခွဲရေးပစ္စည်းတွေမှာ အမိုနီယမ်နိုက်ထရိတ်နဲ့ စစ်သုံးဗုံးမျိုးစုံ ပါဝင်တယ်လို့ ကဘူးမြို့တော် ရဲချုပ် ဆလမ်အဆတ်က ပြောပါတယ်။ “ဒီကိစ္စသာ သူတို့ကြံစည်တဲ့အတိုင်း ဖြစ်လာခဲ့မယ်ဆိုရင်၊ မြို့ရဲ့ ဘယ်နေရာမှာမဆို သူတို့ပစ်မှတ်ထားတဲ့ နေရာမှာ ဖြစ်လာခဲ့မယ်ဆိုရင် အလွန်ဆိုးဝါးတဲ့ နောက်ထပ်ဖြစ်ရပ်တခုကို ကျနော်တို့ ကြုံတွေ့ကြရမှာပါ။ ဒါပေမယ့် ကျနော်တို့ ဖမ်းဆီးရမိအောင် လုပ်နိုင်ခဲ့သလို ဖြစ်မလာအောင်လည်း အချိန်မီ တားဆီးနိုင်ခဲ့ပါတယ်” လို့ ရဲချုပ် ဆလမ်အဆတ်က ပြောကြားသွားတာပါ။ ဗုံးခွဲတိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်လေ့ရှိတဲ့ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့လယ်ကောင်မှာ အခုနှစ် မေလက ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၅၀ ကျော် သေဆုံးသွားခဲ့ရပါတယ်။ ကဘူးမြို့မှာရှိတဲ့ အစိုးရအဆောက်အဦတွေ၊ သံတမန်ရုံးတွေနဲ့ စစ်တပ်စခန်းတွေမှာ လုံခြုံရေး တိုးမြှင့်ဖို့ကိုလည်း ပြင်ဆင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up