ကိုယ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ထားတဲ့ လူတယောက်ကို တူနီးရှားလုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပစ်သတ်ပြီးနောက်မှာ သေဆုံးထိခိုက်သူ မရှိဘူးလို့ တူနီးရှားအစိုးရက ဇူလိုင် ၃ ရက်နေ့မှာ ပြောလိုက်ပါတယ်။
မြို့တော် တူးနစ်က မီလာအရပ်မှာ အဲဒီလူကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ၀န်းရံပြီးနောက် သူက ဗုံးကို ဖောက်ခွဲလိုက်တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
အလိုရှိ စစ်သွေးကြွတဦးလို့ အာဏာပိုင်တွေ ဖော်ပြတဲ့သူ့ကို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ ပြည်ထဲရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။
ဇွန်လ ၂၇ ရက်နေ့တုန်းက မြို့တော် တူးနစ်မှာ ဖြစ်ခဲ့တဲ့ သီးခြားအသေခံဗုံးခွဲတိုက်ခိုက်မှု နှစ်ခုမှာ ရဲဝန်ထမ်းတဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို အိုင်အက်စ်အဖွဲ့က သူတို့လက်ချက်ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အယ်ဂျီးရီးယားနယ်စပ် အစွန်အဖျားဒေသတွေမှာ လှုပ်ရှားနေတဲ့ စစ်သွေးကြွအုပ်စုတွေကို တူနီးရှားဟာ တိုက်ခိုက်နေရတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago