မိုဆူးလ်မြို့ရှိ အထင်ကရ အယ်နူရီ ဗလီကြီးကို အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက ဇွန်လ ၂၁ ရက်နေ့မှာ ဖောက်ခွဲပစ်ခဲ့တယ်လို့ အီရတ်စစ်ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အိုင်အက်စ်တွေရဲ့ “အမက်” သတင်းအေဂျင်စီကတော့ အမေရိကန် လေတပ်က တိုက်ခိုက်ခဲ့တာလို့ စွပ်စွဲပြောကြားခဲ့ပါတယ်။
အဲဒီဗလီနဲ့ မီတာ ၅၀ အကွာကို အီရတ်တပ်ဖွဲ့ဝင်တွေ ရောက်ချိန်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ အီရတ်စစ်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။
မိုဆူးလ်မြို့ရဲ့Old City ခရိုင် အိမ်ငယ်လေးတွေ အလယ်မှာ ပျက်စီးနေတဲ့ ဗလီနဲ့ မျော်စင်ပုံကို အီရတ်စစ်ဘက် သတင်းရုံးကနေ ဖြန့်ဝေခဲ့ပါတယ်။
အဲဒီနေရာဟာ စစ်သွေးကြွတွေကို ၀န်းရံပိတ်ဆို့ထားတဲ့ သမိုင်းဝင်နေရာ ဖြစ်ပါတယ်။
ဇွန်လ ၂၀ ရက်နေ့က အီရတ်တပ်ဖွဲ့ဝင်တွေဟာ စစ်သွေးကြွတွေရဲ့Old City ရှိ ခံတပ်ကို ၀န်းရံပိတ်ဆို့ခဲ့ပါတယ်။
အဲဒီ Old City ဟာ မိုဆူးလ်မြို့ရှိ အိုင်အက်စ် တွေ ထိန်းချုပ်ထားရာ နောက်ဆုံးခရိုင်ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က အိုင်အက်စ် ခေါင်းဆောင် အယ်ဘာဒါဒီဟာ အဲဒီဗလီရှိ တရားဟောစင်မြင့်ကနေ တရားဟောခဲ့ဖူးပါတယ်။
အိုင်အက်စ် ခေါင်းဆောင် ဘာဒါဒီက “ကျွန်ုပ်ကို ကြီးလေးလှသောတာဝန် ပေးအပ်ခဲ့ပါပြီ။ ကျွန်ုပ်ကို ကြီးစွာသော ယုံကြည်မှု ပေးအပ်ခဲ့ပါပြီ။ ကျွန်ုပ်ဟာ သင်တို့ထက် မသာလွန်သော််ငြားလည်း သင်တို့ကို ဦးစီးဖို့ ကျွန်ုပ်ကို ခန့်အပ်ခဲ့ပါပြီ” လို့ဟောကြားခဲ့ပါတယ်။
အခုအခါ ဘာဒါဒီဟာ မိုဆူးလ်မြို့ကို အိုင်အက်စ်တပ်မှူးတွေရဲ့ လက်ထဲအပ်ပြီး အီရတ်နဲ့ ဆီးရီးယားနယ်စပ်ကြား တနေရာမှာ ပုန်းအောင်းနေတယ်လို့ ယုံကြည်ရကြောင်း အမေရိကန် နဲ့ အီရတ် စစ်ဘက် သတင်းရင်းမြစ်တွေက ဆိုပါတယ်။
6 years Ago