ပေါ်တူဂီတောမီးကြောင့် လူ ၃ ဦးသေဆုံး၊ အရေးပေါ်ပြောင်းရွှေ့

August 11, 2016

ပေါ်တူဂီတောမီးကြောင့် လူ ၃ ဦးသေဆုံး၊ အရေးပေါ်ပြောင်းရွှေ့

အတ္တလန္တိတ် သမုဒ္ဒရာထဲက ပေါ်တူဂီပိုင် ကျွန်းတကျွန်းဖြစ်တဲ့ မဒေရာကျွန်းမှာ သြဂုတ် ၉ ရက်က တောမီးတွေ ၂ ရက်ဆက် အပြင်းအထန် လောင်ကျွမ်းနေပါတယ်။ လက်ရှိအချိန်အထိ သက်ကြီးရွယ်အို ၁ ဦး အပါအ၀င် လူ ၃ ဦးသေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေပါတယ်။ မြို့လယ်က အိမ်တအိမ်ကို တောမီး ကူးစက်လောင်ကျွမ်းခဲ့တဲ့အတွက် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သူ ၂ ဦးလည်း နောက်ပိုင်းမှာ သေဆုံးခဲ့တာပါ။ မြို့ခံ ၁၀၀၀ ကျော်ကိုလည်း အရေးပေါ် ပြောင်းရွှေ့ခဲ့ပြီး လူ ၂ ဦးလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ဆေးရုံအာဏာပိုင်တွေက ပြောဆိုပါတယ်။ ကြယ် ၅ ပွင့်ဟိုတယ်တလုံး အပါအ၀င် နေအိမ် အဆောက်အဦတွေ မီးကူးစက်လောင်ကျွမ်းခဲ့ပါတယ်။ ဈေးဝယ်ကုန်တိုက်ကြီးတခုနဲ့ ဆေးရုံတခုလည်း အရေးပေါ် ပြောင်းရွှေ့ခဲ့ရတာပါ။ ပေါ်တူဂီနိုင်ငံမှာ လတ်တလော အပူချိန်မြင့်မားနေပြီး တောမီးတွေ လောင်ကျွမ်းနေတာမှာ အများစုဟာ နိုင်ငံအနောက်မြောက်ပိုင်းမှာလို့ ပြည်သူ့အရေးပေါ်ကယ်ဆယ်ရေး အေဂျင်စီက ပြောပါတယ်။ မီးခိုးတွေ ထူထပ်တဲ့အတွက်ကြောင့် မဒေရာကျွန်း လေယာဉ်ခရီးစဉ်တွေကိုလည်း ဖျက်သိမ်းထားရပါတယ်။ တောမီး လောင်ကျွမ်းနေတဲ့ နေရာတွေဟာ တောနက်ပြီး တောင်တွေ မတ်စောက်တဲ့အတွက် မီးငြှိမ်းသတ်ရေး အခက်အခဲ ဖြစ်နေတယ်လို့  မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ လာမယ့်ရက်တွေအတွင်း နေ့အပူချိန် ကျဆင်းလာမယ်လို့ မိုးလေ၀သဌာနက ကြေညာထားတဲ့အတွက် မီးငြှိမ်းသတ်ရေး အခြေအနေ ကောင်းလာနိုင်တယ်လို့ မဒေရာကျွန်း အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။
5 years Ago
Up